ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး တောင်ကျရေစီးဆင်းမှုများကြောင့် မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ကလေးငယ်အပါအဝင် အရပ်သားထိိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
သြဂုတ်လ ၄ ရက်နေ့ကစ၍ မိုးရွာသွန်းမှုများရာမှ တောင်ကျရေစီးဆင်းမှုများပြီး ပိုးခယ်လော်ချောင်း၊ သောက်ရေခပ်ချောင်းနှင့် ပသိချောင်းတို့တွင် ရေကြီးရေလျှံမှုများခြင်း၊ သံတောင်ကြီးမြို့နယ် နော်ဘူဘောဆုတောင်းတောင်အနီးရှိ ရပ်ကွက် (၁)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ သံတောင် (၁၃( မိုင်၊ (၁၄) မိုင်ဝန်းကျင်ရှိ ကျေးရွာများတွင် မြေပြိုမှုများ ဖြစ်ပွားခြင်းဟု သိရသည်။
သြဂုတ်လ ၄ ရက်၊ ယမန်နေ့ (သြဂုတ်လ ၅ ရက်)နှင့် ယနေ့ (သြဂုတ်လ ၆ ရက်) စသည့် သုံးရက်အတွင်း မြေပြိုမှုကြောင့် သေဆုံးသူ ရှစ်ဦး အထိ ရှိလာပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း သိရသည်။
သေဆုံးသူများအနက် အသက် နှစ်နှစ်ကျော်အရွယ် ကလေးငယ်လည်း ပါဝင်ကြောင်း သိရသည်။
“သံတောင်ကြီးမြို့တွင်းနှင့် သံတောင်ကြီးမြို့ ပတ်လည် ရွာချင်းဆက်လမ်းတွေ မြေပြို၊ တံတားကျိုး၊ ဥယျာဉ်ခြံမြေ တော်တော်များများ ဆုံးရှုံးပါတယ်ရှင့်။ သေဆုံးတာက မနေ့က လေးယောက်၊ ဒီနေ့မနက် လေးယောက်၊ ကလေးလေးတွေလည်း ပါတယ် မိသားစုလိုက်သေတာ။ အခုထိတော့ ပျောက်ဆုံးသူ အရေအတွက်တော့ မရသေးပါ။ ခန့်မှန်းရသလောက် ဥယျာဉ်ခြံမြေ ပျောက်ဆုံးတာ များနိုင်ချေ ရှိပါသေးတယ်။ အကူအညီတွေက မရောက်သေးဘူးရှင့်။ ကိုယ်ထူကိုယ်ထ လုပ်ကြတာတော့ ရှိပါတယ်” ဟု သံတောင်ကြီးဒေသခံ တဦးက ပြောသည်။
မိုးရွာသွန်းမှုများ၍ ချောင်းရေများ တိုးရာမှ သံတောင်မြို့သစ်(၁၃) မိုင် အထက်တန်း စာသင်ကျောင်းအနီးရှိ တံတား၊ စိုက်ပျိုးရေးတံတား၊ သံတောင်ကြီးမြို့နှင့် ထီးပူချီး၊ ကယာချီး ရွာတို့နှင့် ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ တံတား၊ သောက်ရေခပ်ချောင်းတံတား စသည့် တံတားများ ပျက်စီးသကဲ့သို့ လမ်းပိုင်းနေရာအချို့တွင်လည်း ပျက်စီးမှုများ ရှိကြောင်း၊ နေအိမ် အလုံးရေ ၂၀ ကျော် ထိခိုက်ပျက်စီးခြင်း၊ ရေစီးဖြင့် မျောပါခြင်း၊ မြေပိခြင်းများ ရှိကြောင်း သိရသည်။ လက်ရှိတွင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသူများ ရှိသကဲ့သို့ အပျက်အစီးများအကြား သောက်ရေ၊ အစားအသောက် အကူအညီ လိုအပ်နေသူများလည်း ရှိကြောင်း သိရသည်။
“ဒီနှစ်လောက် တခါမှ မဖြစ်ဖူးဘူး။ တော်တော်ဆိုးဆိုးပဲ၊ ငလျင်တုန်းက ထိထားတာတွေလည်း ရှိတော့ အဲ့ဒီနောက်ဆက်တွဲ ပျက်စီးမှုတွေ များသွားတာထင်တယ်။ ရေလည်း တော်တော်များတယ်။ ဒီနေ့မနက်အထိတော့ မိုးအရမ်းများပြီး တောင်ကျရေ ဒလဟော ကျပါတယ်” ဟု သံတောင်ကြီးဒေသခံအမျိုးသမီးတဦးက ပြောသည်။
သံတောင်ကြီးမြို့နယ်သည် ပဲခူးတိုင်း တောင်ငူမြို့နယ်နှင့်လည်းကောင်း၊ ကရင်နီ (ကယား)ပြည်နယ် ဖရူဆို၊ ဖားဆောင်းမြို့နယ်၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တို့နှင့် ဆက်စပ်နေသည့် မြို့နယ်တခုဖြစ်ပြီး စစ်ကော်မရှင်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ ပြင်းထန်ရာ ဒေသဖြစ်သည်။ ယခု စစ်ကော်မရှင် (ယခင် စစ်ကောင်စီ )ကလည်း တောင်ငူ-ယာဒို လမ်းကြောင်းမှတဆင့် ကရင်နီဒေသဘက်၊ သံတောင်ကြီးဘက်သို့ ရိက္ခာများ၊ ဆေးဝါးများ သယ်ယူခြင်းကိုလည်း ပိတ်ထားသည်။







