နေအိမ်မီးရှို့ခံရသည့် သံတောင်ကြီး ဒေသခံများ နေရပ်မပြန်နိုင်သေး၊ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

နေအိမ်မီးရှို့ခံရသည့် သံတောင်ကြီး ဒေသခံများ နေရပ်မပြန်နိုင်သေး၊ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂)/ တောင်ငူခရိုင် သံတောင်ကြီးမြို့နယ် ဝေထူးကျေးရွာ အုပ်စုအတွင်း ရွာတချို့ အာဏာသိမ်းစစ်တပ် ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် နေရပ်မပြန်နိုင်သေးသည့် ဒေသခံစစ်ဘေးရှောင်များမှာ လတ်တလော စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

ဇူလိုင်လအတွင်း ဝေထူးကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းကြောင့် နေအိမ် ၃၉ လုံး ပျက်စီးပြီး မီးမလောင်သော နေအိမ် ၄ လုံးသာ ကျန်ရှိခဲ့ကြောင်း ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG) ၏ သြဂုတ် ၁ ရက်ထုတ်ပြန်ချက်အရ ဖော်ပြထားသည်။

မီးရှို့ခံရပြီးနောက် ရွာခံများသည် မိမိတို့နီးစပ်ရာ အကူအညီဖြင့် ယာယီတဲများထိုးကာ နေထိုင်နေကြရပြီး တိုက်ပွဲဖြစ်ချိန်တွင် ရုတ်တရတ် တိမ်းရှောင်သွားရသဖြင့် ပစ္စည်းများယူ ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း KHRG ညွှန်ကြားရေးမှူး စောအဲလ်ဘတ်က ပြောသည်။

၎င်းက “ဆန်၊ ဆီ၊ ဆားသာ ရရှိပါက အဆင်ပြေမယ်။ မိုးကြီး၊ ရေကြီးနေချိန်မို့ နေရာမှာလည်း အခက်အခဲရှိနေပြီး ဒေသတွင်း ကရင်လူမှုအဖွဲ့အစည်းများ၏ အင်အားမလုံလောက်သဖြင့် ထောက်ပံ့မှု ပိုလိုအပ်နေတယ်” ဟု ဆိုသည်။

၎င်းအပြင် တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေများကြောင့် လိပ်သို–သံတောင်–တောင်ငူ လမ်းမကြီးတချို့ ပိတ်ပင်ထားခြင်းကြောင့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာအပြင် ဆေးဝါးလိုအပ်ချက်များလည်း ကြုံတွေ့နေရသည်ဟု KHRG အဖွဲ့ တာရှိသူက ပြောသည်။

“လမ်းတွေ ပိတ်ထားလို့ မြို့နဲ့ သွားလာဖို့ ခက်ခဲနေပါတယ်။ မြို့ပေါ်မှာ ရှိတဲ့ ဆေးဝါးပစ္စည်းတွေ မရနိုင်ဘဲ ဒေသအတွင်းမှာပဲ ရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုနဲ့သာ မှီနေရတာပါ။ ဒါကြောင့် ကုသမှုအတွက် ပစ္စည်းတွေ မလုံလောက်ဘဲ ချို့တဲ့နေတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ မိုးရာသီဆိုတော့ တုပ်ကွေးတွေ ပိုအဖြစ်များလာတယ်” ” ဟု စောအဲလ်ဘတ်က ထပ်မံပြောသည်။

Data For Myanmar အစီရင်ခံစာအရ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၁ ရက်အထိ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၆,၄၀၉ လုံး ပျက်စီးခဲ့သည်။

Most read this week

ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...