လက်နက်ကြီးထိမှန်ပြီး ဖားကန့်ဒေသခံ ၃ ဦး သေဆုံး၊ တိကျသော စုံစမ်းစစ်ဆေးရေးများလုပ်ရန် ကုလကို KHRW တိုက်တွန်း

လက်နက်ကြီးထိမှန်ပြီး ဖားကန့်ဒေသခံ ၃ ဦး သေဆုံး၊ တိကျသော စုံစမ်းစစ်ဆေးရေးများလုပ်ရန် ကုလကို KHRW တိုက်တွန်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲနှင့် သက်ဆိုင်မှုမရှိသည့် ကျေးရွာများကို စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်နယ် မြောက်ဖြူရွာတွင် ယမန်နေ့ ဩဂုတ် ၃ ရက်နေ့က တဦးနှင့် ယနေ့တွင် အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

ဖားကန့် ဒေသခံတဦးက “တိုက်ပွဲဖြစ်တာက ညောင်ပင်ကုန်းနေရာမှာ အနီးကပ်ဖြစ်တာ၊ တညလုံးကော အခုကောပဲ သူတို့လက်နက်ကြီးကျ၊ မဆိုင်တဲ့ရွာထဲတွေပါ အကုန်လှမ်းပစ်လို့ ပြည်သူတော်တော်များများ ထိကုန်ပြီ” ဟု ယနေ့နံနက်ပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

ဖားကန့်နှင့် ရှမ်းမြောက်ရှိ ကွတ်ခိုင်မြို့တို့တွင် စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုနှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့တခု၏ လက်ချက်ကြောင့် ဒေသခံအရပ်သား ၁၂ ဦး သေဆုံးခဲ့ရကြောင်း ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က ယနေ့ ထုတ်ပြန်ထားသည်။

ဇူလိုင် ၃ ရက်နေ့၌ ဖားကန့်မြို့နယ်တွင် အမှိုက်ပုံကျေးရွာ ဘုန်းကြီးကျောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး တဦး၊ အမျိုးသားတဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဇူလိုင် ၃၁ ရက်နေ့ မှော်စီစာကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး နှင့် မိခင် သေဆုံးခဲ့သည်။

ဇူလိုင် ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရာစုသစ် ဟိုတယ် ကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်အပါအဝင် လူ ခြောက်ဦး သေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မသိလက်နက်ကိုင်အဖွဲ့တခု၏ ပစ်ခတ်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့တွင် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ Sky ဟိုတယ်ရှေ့၌ အမျိုးသားတဦး သေဆုံးခဲ့ကြောင်း KHRW က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအပေါ် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး ကာကွယ်ရေးအဖွဲ့များအနေဖြင့် တိကျသော စုံစမ်းစစ်ဆေးရေးပိုမို တိုးမြှင့် လုပ်ဆောင်ရန်၊ ပြည်သူများအပေါ် လက်နက်သုံးတိုက်ခိုက်မှုများ၊ ဗုံးကြဲမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ပြည်သူဘေးကင်းရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း KHRW က တိုက်တွန်းတောင်းဆိုထားသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...