စစ်ခေါင်းဆောင်က လုံခြုံရေးကော်မရှင်ဖွဲ့ပြီး အစိုးရအဖွဲ့ကို ဗိုလ်ချုပ်ကြီး ညိုစောကို လွှဲ

စစ်ခေါင်းဆောင်က လုံခြုံရေးကော်မရှင်ဖွဲ့ပြီး အစိုးရအဖွဲ့ကို ဗိုလ်ချုပ်ကြီး ညိုစောကို လွှဲ

ရွေးကောက်ပွဲအတွက်ပြင်ဆင်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လုံခြုံရေးကော်မရှင်ကိုဖွဲ့စည်းကာ ဥက္ကဌရာထူးယူလိုက်ပြီး အစိုးရတာဝန်ကို ဗိုလ်ချုပ်ကြီး ညိုစောအား ဦးဆောင်စေသော အခင်းအကျင်း အသစ်ကို ယနေ့ (ဇူလိုင် ၃၁ ရက်)ထုတ်ပြန်သည်။

“နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်”တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဌ၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပါဝင်လာပြီး အများစုက ယခင်စစ်ကောင်စီဟောင်းတွင် ပါဝင်ခဲ့သူများဖြစ်သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ စစ်ဘက်အရာရှိများအဖြစ်ပါဝင်ကာ ဗိုလ်ချုပ်ကြီး ညိုစောနှင့် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ကိုတော့ “ဦး” တပ်ဖော်ပြသည်ကို ထုတ်ပြန်ချက်တွင်တွေ့ရသည်။

အခင်းအကျင်းဟောင်းက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကိုတော့ အဖွဲ့ဝင်အဖြစ်ထဲ့သွင်းထားသည်။

ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဗိုလ်ချုပ်ကြီး ထန်းထွန်းနောင်တို့မှာ ယခင်စစ်ကောင်စီတွင်မပါဝင်ခဲ့သူများဖြစ်ပြီး လူဟောင်းများဖြစ်သော ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ကိုတော့ လုံအေးကော်မရှင်တွင် ထဲ့သွင်းခြင်းမရှိ တော့ဘဲ “ဦး” များအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ်နှင့် သမ္မတရုံးဝန်ကြီးဌာန (၁) ဝန်ကြီးအဖြစ်တို့သို့ ပြောင်းလဲခန့်ထားလိုက်သည်ကို တွေ့ရသည်။

ခုနှစ်ကြိမ်မြောက် သက်တမ်းတိုးထားသည့် အရေးပေါ်ကာလ ခြောက်လပြည့်မြောက်သည့် ယနေ့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးပေါ်ကာလသက်တမ်းမတိုးတော့ဘဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ(ကာ၊လုံ)ကို အာဏာပြန်လွှဲအပ်လိုက်ကြောင်းလည်း နောက်ထပ်ထုတ်ပြန်ချက်တခုအရသိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတတာဝန်ယူထားသော ကာလုံက ထပ်မံဖွဲ့စည်းပေးသည့် “ပြည်ထောင်စုအစိုးရအဖွဲ့” ကို ဦးညိုစောက ဝန်ကြီးချုပ်အဖြစ်ဦးဆောင်စေသည့်အပြင် ဝန်ကြီးချုပ်ရုံး၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း ပူးတွဲရာထူးပေးထားသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဌလည်းဖြစ်သော ဦးညိုစောမှာ စစ်တက္ကသိုလ်အပတ်စဉ် (၂၃) ဆင်းဖြစ်သည်။

စစ်တက္ကသိုလ်အပတ်စဥ်မြင့်သည့် အပတ်စဥ် (၂၂) ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်မှာ အစိုးရအဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ်သာ ပါဝင်သည်။

အဆိုပါ ပြည်ထောင်စုအစိုးရအဖွဲ့တွင် စုစုပေါင်း ၃၀ ဦးပါဝင်ပြီး ယခင်စစ်ကောင်စီအစိုးရအဖွဲ့တွင် ရှိခဲ့သည့် ဒုတိယဝန်ကြီးချုပ်ရာထူးများ မတွေ့ရတော့ပေ။

ကာ၊ လုံက ဦးအောင်လင်းဒွေးအား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်အဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား တွဲဖက်အမှုဆောင်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်သည်။

လက်ရှိတွင် စစ်တပ်က လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်ရန်ပြင်ဆင်နေပြီး စစ်တပ်က ဆက်လက်ကိုင်ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကာ၊လုံ က တပ်ချုပ် အာဏာရယူထားမှုကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့ကစပြီး ခြောက်လအတွင်း  ရွေးကောက်ပွဲ ကျင်းပပေးရမည်ဟု ဆိုထားသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...