ရွေးကောက်ပွဲ အကာအကွယ်ပေးရေးဥပဒေက သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပါ ခြိမ်းခြောက်နေ

ရွေးကောက်ပွဲ အကာအကွယ်ပေးရေးဥပဒေက သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပါ ခြိမ်းခြောက်နေ

ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားစေရေး ဟောပြောစည်းရုံး၊ လှုံ့ဆော်ဆန္ဒပြမှုအပြင် စာဖြင့်ရေးသား ဖြန့်ချိခြင်းအတွက် ထောင်ဒဏ်ချမှတ်နိုင်သည့် စစ်ကောင်စီ၏ဥပဒေထုတ်ပြန်ချက်မှာ သတင်းလွတ် လပ်ခွင့်နှင့် မီဒီယာသမားများကိုပါ ခြိမ်းခြောက်နေကြောင်း သတင်းစာဆရာများက သုံးသပ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့ရက်စွဲဖြင့် အခန်း(၈) ခန်း၊ ပုဒ်မ(၃၂) ခု ပါဝင်သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးရေးမှ အကာအကွယ်ပေးရေးဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီ သတ်မှတ်ထားသည့် ဥပဒေတားမြစ်ချက်များကြောင့် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို အခြေခံသော သတင်းမီဒီယာသမားအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာမည်ဟု ပြည်တွင်းပြည်ပ၊ တိုင်းရင်းသားနှင့်ဒေသအခြေပြု မီဒီယာများကို ကိုယ်စားပြုထားသည့် လွတ်လပ်သော မြန်မာသတင်းမီဒီ ယာကောင်စီ-IPCM က သုံးသပ်သည်။

“အမှန်တော့ရွေးကောက်ပွဲအပေါ် ဝေဖန်မယ့်သူ၊ ဆန့်ကျင်တဲ့သူတွေကို အခုကတည်းကကြိုကာထားတာ။ အထူးသဖြင့် မီဒီယာလည်းပါတာပေါ့။ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်၊ မီဒီယာတွေကိုရည်ရွယ်ပြီးတော့ မရေးရဲ၊ မလုပ်ရဲအောင် ရေးတဲ့သူကိုမတရားဖမ်းပြီးထောင်ချလို့ရအောင် တမင်ရည်ရွယ်ပြီးထုတ်တဲ့ဥပဒေပါပဲ” ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

စစ်ကောင်စီ၏ဥပဒေ အခန်း(၆)အရ ရွေးကောက်ပွဲပျက်ပြားရန် ဟောပြောခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်းနှင့် စာရေးသားဖြန့်ချိခြင်းမလုပ်ရဟု တားမြစ်ထားသည်။ ဖောက်ဖျက်ပါက ငွေဒဏ်နှင့်ထောင်ဒဏ် (၃)နှစ်မှ(၇)နှစ်အထိ ချမှတ်နိုင်ပြီး လူသေဆုံးမှုအထိ ဖြစ်ပွားလျှင် သေဒဏ်ချမှတ်မည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ရွေးကောက်ပွဲကို စစ်ကောင်စီက တစ်ပြည်လုံးရှိ မြို့နယ်ပေါင်းထက်ဝက်ကျော်တွင် ပြုလုပ်မည်ဟု ကြေညာသော်လည်း တော်လှန်ရေးလက်နက်ကိုင်အင်အားစုများ ထိန်းချုပ်မှုအားမကောင်းသည့် မြို့နယ်များတွင်သာ မဖြစ်ဖြစ်သည့်နည်းလမ်းဖြင့် ကျင်းပသွားဖွယ်ရာရှိကြောင်း ရွေးကောက်ပွဲအရေးလေ့လာသူများက ခန့်မှန်းထားသည်။

စစ်တပ်ထိန်းချုပ်ထားသောဒေသများတွင်လည်း လက်နက်မကိုင်ဘဲ ရွေးကောက်ပွဲကို ဆန့်ကျင်လာနိုင်သည့် နည်းလမ်းများရှိနိုင်ပြီး ဥပဒေဖြင့် ယခုလိုခြိမ်းခြောက်ခြင်းကြောင့် သတင်းသမားများအတွက်ပါ အန္တရာယ်ဖြစ် လာနိုင်သည်ဟု ဝါရင့်သတင်းစာဆရာ တစ်ဦးက သုံးသပ်သည်။

၎င်းက “သတင်းမီဒီယာသမားတွေလည်း ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သတင်းတွေကို ရေးသားဖော်ပြရင် ဥပဒေနဲ့ အကျုံးဝင်ပြီးအရေးယူခံရနိုင်ခြေတော့ ရှိနေတာပေါ့။ သာဓကတော့ လောလောဆယ် အတိအကျမပြောနိုင်သေးဘူး။ ဒါပေမဲ့အန္တရာယ်ရှိနေတယ်လို့တော့ ပြောရမယ်” ဟု သူ၏အတွေ့အကြုံအရ သုံးသပ်ပြောဆိုသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပြီးသတ်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ၊ မဲပေးမည့်သူများနှင့်မဲရုံတာဝန်ရှိသူများ၏ လုံခြုံရေးကိုကာကွယ်ရန် ဗဟိုကော်မတီတစ်ရပ်ဖွဲ့ထားပြီး ပြည်ထဲရေး နှင့်ကာကွယ်ရေးဝန်ကြီးများကို စစ်ကောင်စီက လုပ်ပိုင်ခွင့်အပြည့်အဝပေးထားခြင်းဖြစ်သည်။

၎င်းလက်အောက်မှ ဒေသဆိုင်ရာလုံခြုံရေးကော်မတီနှင့် ပြည်ထောင်စုလုံခြုံရေးကော်မတီအဖြစ် ဖွဲ့စည်းပြီး အကာအကွယ်ပေးလုပ်ငန်းစဉ်များအပြင် ရွေးကောက်ပွဲလုံခြုံရေးထိပါးစေမည့် ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့များ၏လှုပ်ရှားမှုများကိုပါ စောင့်ကြည့်အရေးယူသွားမည်ဟုလည်း ဆိုသည်။

အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း စစ်ကောင်စီက သတင်းမီဒီယာသမားကို အကြမ်းဖက်ပုဒ်မများတပ်၍ ဖမ်းဆီးထောင်ချမှုများရှိခဲ့သည်။ IPCM ၏ ၂၀၂၅ ခုနှစ် မေလအထိ စာရင်းအရ သတင်းမီဒီယာသမား ၄၀ ဦးအကျဉ်းချခံရဆဲဖြစ်ပြီး ၎င်းတွင် နှစ်ရှည်ထောင်ဒဏ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရသူ ၁၁ ဦးပါဝင်ကြောင်း သိရသည်။

January 16, 2026
ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသ တိုက်ပွဲများကြောင့် နှစ်ရှည် နေရပ်စွန့်ခွာ...
January 15, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီ (၁၀...
January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...