CDF-Zotung ၏ စတုတ္ထအကြိမ် အထူးစစ်ဆင်ရေးသင်တန်းတွင် အမျိုးသမီးရဲဘော် သုံးပုံတစ်ပုံခန့် ပါဝင်

CDF-Zotung ၏ စတုတ္ထအကြိမ် အထူးစစ်ဆင်ရေးသင်တန်းတွင် အမျိုးသမီးရဲဘော် သုံးပုံတစ်ပုံခန့် ပါဝင်

Chinland Defence Force – Zotung တပ်ဖွဲ့၏ စတုတ္ထအကြိမ်မြောက် Special Force Training သင်တန်းတွင် အမျိုးသမီးပါဝင်မှု မြင့်တက်လာပြီး သုံးပုံတစ်ပုံခန့် ပါဝင်လာသည်ဟု ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရက်ပေါင်း ၉၀ ကြာ ပို့ချပေးသည့် Special Force Training ရက်ရှည်သင်တန်းကို ဇူလိုင် ၂၄ ရက်နေ့က အောင်မြင်စွာပြု လုပ်ပြီးစီးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသားအယောက် ၉၀ ကျော် တက်ရောက်ခဲ့ပြီး ၈၀ ကျော်က အောင်မြင်စွာ ပြီးမြောက်ခဲ့ ကြောင်း၊ ယင်းအနက် အမျိုးသမီးရဲဘော် အယောက် ၂၀ ကျော်ပါဝင်ကြောင်း CDF-Zotung ၏ ပြောရေးဆိုခွင့်ရှိသူ Salai Danny ကပြောသည်။

“အမျိုးသမီးက အခုသင်တန်းမှာ တော်တော်များတယ်လို့ ပြောလို့ရတယ်။ အယောက် ၂၀ ကျော်ဆိုတော့ သုံးပုံတစ်ပုံ လောက်ပေါ့နော်။ ဆိုတော့ အမျိုးသမီးပါဝင်မှုက အခုသင်တန်းမှာ ပိုများလာတယ်။ သင်တန်းမှာ အမျိုးသမီးတွေကို အထွေအထူး ညှာပေးတာမျိုးမရှိပါဘူး။ အားလုံးကလဲ လိုက်နိုင်ကြတယ် သင်တန်းလဲ ပြီးမြောက်နိုင်ကြတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူတယ်။ အားရတယ်။” ဟု ၎င်းကပြောသည်။

အထူးစစ်ဆင်ရေးသင်တန်းသင်တန်းတွင် အခြေခံစစ်သင်တန်းများနှင့် စစ်ရေးပညာရပ်များအပြင် အရေးပေါ်ပြုစုနည်း (First Aid) နှင့် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးထားပြီး ပြီးမြောက်သူအချို့အား ရဲဘော်တစ်ဦးချင်းစီနှင့် ကိုက်ညီသော တာဝန်များကို ခန့်အပ်ထားပြီဖြစ်ကြောင်း သိရသည်။

CDF-Zotung တပ်ဖွဲ့တွင် အမျိုးသမီးရဲဘော်များသည် ဆေးဘက်ဆိုင်ရာဌာနတွင်လည်း‌ကောင်း၊ ရှေ့တန်းစစ်မြေပြင်တွင် အရေးပေါ်ဆေးဖွဲ့ဝင်များအဖြစ် လည်း‌ကောင်း၊ နောက်တန်းတပ်ရင်းများတွင် ကျရာတာဝန်များ ထမ်းဆောင်နေကြသည် ဟုလည်း Salai Danny ကပြောသည်။

ထို့အပြင် ရှေ့တန်းစစ်မြေပြင် တိုက်ခိုက်ရေး၊ အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ၊ စီမံခန့်ခွဲမှုနှင့် ရုံးလုပ်ငန်းများ တွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရန်နှင့် ၎င်းတို့၏ အခွင့်အလမ်းများအတွက် ကြိုးစားအားထုတ်ပေးရမည့် ကဏ္ဍများလည်း ရှိနေသေးသည်ဟု သိရသည်။

ရှေ့ဆက်တွင်လည်း CDF-Zotung အနေဖြင့် ရဲဘော်၊ရဲမေများအတွက် စွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းများ၊ ဆေးဘက်ဆိုင်ရာသင်တန်းများနှင့် အခြားစစ်ရေးစစ်ရာ သင်တန်းများကိုလည်း ဆက်လက်၍ ပို့ချနိုင်ရန် ကြိုးစားသွား မည်ဟု ဆိုသည်။

တော်လှန်ရေးကာလအတွင်း စိတ်ရှည်သည်းခံပြီး ပံ့ပိုးကူညီနေကြသော မိဘပြည်သူများ၊ CDM ဝန်ထမ်းများနှင့် အခြား ပံ့ပိုးသူများအား အထူးကျေးဇူးတင်ရှိကြောင်း၊ တန်းတူညီမျှမှု အပြည့်အ၀ရှိသော ပြည်ထောင်စု နိုင်ငံ‌‌တော်တည်ဆောက်ရေးနှင့် ချင်းလဲန်းရှိပြည်သူများအတွက် ဆက်လက်၍တိုက်ပွဲဝင်သွားမည်ဖြစ်‌‌ကြောင်း CDF-Zotung တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...