ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့

ကချင်မှာ အိမ်ခန်းငှားရမ်းခစျေး အဆမတန်မြင့်တက်လာလို့ စစ်ရှောင်တွေအခက်တွေ့

ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန်မြင့်တက်လာတဲ့အတွက် မြို့ပေါ်စစ်ဘေးရှောင်တဲ့ပြည်သူတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့၊ပူတာအိုမြို့၊ဖားကန့်မြို့တွေမှာ စစ်ဘေးရှောင်ပိုများလာတဲ့အပြင် တစ်ဖက်မှာလည်း ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် အိမ်ငှားခ၊ အခန်းငှားခစျေးပိုမြင့်တက်လာတယ်လို့  မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို အခုလို ပြောပါတယ်။

“အိမ်ဌားခတွေ စျေးအဆမတန်မြင့်တယ် ခုမိုးညှင်းမှာ အင်းတော်ကြီးဘက်ကကော တစ်ချို့ ဖားကန့်ဘက်ကလည်း စစ်ရှောင်တွေ လာစုရပ်ဖြစ်နေတော့ အိမ်ငှားခ အရင်က ငါးသောင်းတန် ခုတစ်သိန်းဝန်းကျင်ရှိတယ်။ ဈေးက တော်တော့်ကို တက်လာတာ” လို့ ပြောပါတယ်။

လတ်တလော မိုးညှင်းမြို့မှာ ဆယ်ပေပတ်လည် အခန်းတစ်ခန်းလျှင် ယခင် ရှစ်သောင်းဝန်းကျင်သာရှိပေမယ့် ခုတစ်သိန်းခွဲ၊ လုံးချင်းအိမ်တစ်အိမ်မှာ ယခင် သုံးသိန်းတန်၊ အခု ခြောက်သိန်းဝန်းကျင်အထိ ဈေးတက်တယ်လို့ သူက ဆက်ပြောပါတယ်။

မိုးညှင်းမြို့၊ မိုးကောင်းမြို့ပေါ် အိမ်ငှားနေထိုင်သူတွေဟာ စစ်ကိုင်းတိုင်း အင်းတော်နဲ့ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ စစ်ဘေးရှောင်များ၊ ဖားကန့် ဆယ်ဇင်းစစ်ဘေးရှောင်များဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လနဲ့ မေလအတွင်း KIA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြောင့် ခိုလှုံလာကြတာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မြစ်ကြီးနားမြို့မှာလည်း အိမ်နဲ့ အိမ်ခန်းငှားခ ထက်ဝက်ခန့် ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနား အိမ်ခြံမြေပွဲစား အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

“ဒီခေတ်အခြေနေအရ ကုန်စျေးနှုန်းတွေအရလည်း အရင်စျေးအတိုင်းဌားလို့မရတော့ဘူးဆိုတာတော့ ဌားတဲသူတွေလည်း သိတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ ငှားတဲ့သူတွေများလာတော့ မတရားကိုစျေးတင်ကြတာ။ အဲမှာတစ်ချို့ပွဲစားတွေကတစ်ဆင့် ပွဲစားခတစ်လစာလောက်ကို ယူနေကြတာတွေ့ရတယ်။ ကျနော်တို့လည်း ပွဲခတော့ ယူပါတယ်။ ဒါပေမယ့် သူတို့ တတ်နိုင်သလောက်လေး ဆီဖိုး၊ ခေါက်ဆွဲဖိုးလောက်ပဲ ယူတယ်”လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ ပျဉ်ထောင်နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ယခင် ၃ သိန်းဝန်းကျင်၊ ယခု ၆ သိန်း ကျော်ရှိပြီး ၁၀ ပေပတ်လည် အခန်းတစ်ခန်း ယခင် ၅ သောင်း၊ ယခု တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

အခုလို အိမ်၊ အခန်းငှားရမ်းခ ဈေးမြင့်တက်ပေမယ့် အိမ်ငှားသူများ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာချိန် ဝိုင်းမော်မြို့နယ်ဘက်က ကျေးရွာပေါင်း ၂၀ ကျော် ပြည်သူသောင်းချီဟာ ဂွေထုနဲ့ နောင်းချိန်းဘက်ကို သွားရောက် ခိုလှုံ နေထိုင်ကြတာရှိသလို ငွေကြေးတတ်နိုင်သူ အများပိုင်းက မြစ်ကြီးနားမြို့ပေါ် အိမ်လုံးချင်း၊ အခန်းငှားပြီး နေထိုင်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် အိမ်ငှား၊ အခန်းငှားသူများထဲမှာ ဗန်းမော်မြို့ဘက်က တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)  ၂၀၂၄ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန် စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ (၁၁၀၅၀၀ ) ထိရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ ရက် အထိမှာတော့ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ (၁၉၄၉၀၀) ထိ မြင့်တက်လာတယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ ၈ သောင်း ၄ ထောင် ၄ ရာ (၈၄၄၀၀) ထိ တိုးလာပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...