မီဇိုရမ်ပြည်နယ်က Dapchhuah စစ်ဘေးရှောင်စခန်း အရေးပေါ် အကူအညီလိုအပ်နေ

မီဇိုရမ်ပြည်နယ်က Dapchhuah စစ်ဘေးရှောင်စခန်း အရေးပေါ် အကူအညီလိုအပ်နေ

မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်၊ Dapchhuah ကျေးရွာက ချင်းစစ်ဘေးရှောင်စခန်းက သောက်သုံးရေ သွယ်ယူသော ရေပိုက်များ ပျက်စီးသွားသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“အဓိကတော့ ရေပိုက်တွေ ဆုံးရှုံးနစ်နာမှုရှိတယ်။ ဘာလို့လဲ ဆိုတော့ ရေပိုက်တွေ အကုန်လုံး အဲဒီချောင်းမှာပဲ သွယ်ထား တာဆိုတော့လေ။ သောက်ရေတွေ လုံးဝမလုံမလောက်ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ပိုက်တွေလဲ အကုန်ပါသွားပြီ ဆိုတော့လေ။ နေအိမ်တွေကတော့ မြေစာပိတာရှိတယ်။ လူထိခိုက်တာ၊ နေအိမ်ပျက်ဆီး ဆုံးရှုံးတာတော့ မရှိဘူး။ အဲဒီမြေစာတွေ ဖယ်ထုတ်နိုင်မယ်ဆိုရင် ပြန်နေထိုင်လို့ရမဲ့ အနေအထားရှိပါတယ်။” ဟု Dapchhuah စစ်ဘေးရှောင်စခန်း ဥက္ကဌ ဆလိုင်းပေါလ်ထန်းက ပြောသည်။

ပြီးခဲ့သည့် စနေနှင့် တနဂ်နွေနေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် Dapchhuah ကျေးရွာ စစ်ရှောင်စခန်းအနီးတွင် မြေပြိုခြင်း၊ စမ်းချောင်း‌ရေလျှံခြင်း၊ ရေပိုက်များ ပျက်စီးခြင်းနှင့် စစ်ရှောင်စခန်း လူနေအိမ်များအတွင်း မြေစာများ ဝင်ရောက်ခြင်းများ ဖြစ်ပွားခဲ့သည်ဟုသိရသည်။

လက်ရှိတွင် နေအိမ်များနှင့် လမ်းများပေါ်ရှိ မြေစာပုံများကို JCB စက်ဖြင့် အမြန်ဖယ်ရှားရန် လိုအပ်နေပြီး လူအင်အားဖြင့် ဖယ်ရှားရန် မဖြစ်နိုင်ကြောင်း၊ သောက်သုံးရေပြန်လည်ရရှိ‌ရေးအတွက် ၁ လက်မရှိ ရေပိုက် (မီတာ ၃၀ ရှည်) ၃ ခွေ လိုအပ်ကြောင်း၊ ၎င်းအတွက် အနည်းဆုံး ရူပီး ၂၀,၀၀၀ ခန့်လိုအပ်မည်ဟု သိရသည်။

လက်ရှိတွင် စခန်းအနီးရှိ အခြားသော စမ်းချောင်းငယ်တစ်ခုမှ ဖော်ထုတ်၍ရသော ရေပိုက်‌တိုများ ဆက်ကာ သောက်သုံး‌ ရေကို အလှည့်ကျပေးဝေနေရကြောင်းလည်း သိရသည်။

“အခုက ကျွန်တော်တို့ အဲဒီချောင်းကို တိုက်ရိုက်မသွယ်တော့ဘဲနဲ့ ကျွန်တော်တို့ camp နားလေးမှာ စမ်းချောင်းတစ်ခု ရှိတယ်။ အဲဒါကိုရှိတဲ့ ပိုက်တွေ အကုန်ဆက်ဆက်ပြီးတော့ ဟိုဘက် ၁၀ အိမ်ကို တစ်လှည့် ဒီဘက် ၁၀ အိမ်တစ်လှည့် အဲလိုနဲ့ လောလောဆယ် ဝေကြတာပေါ့” ဟု Dapchhuah စစ်ဘေးရှောင်စခန်း ဥက္ကဌ ဆလိုင်းပေါလ်ထန်းက ပြောသည်။

စစ်ရှောင်ပြည်သူများသည် မြေစာများအား တတ်နိုင်သမျှ ဝိုင်းဝန်းဖယ်ထုတ်ခဲ့ကြကာ ယခုတွင် ပြန်လည်နေထိုင်နိုင်ကြပြီဟု သိရသည်။

Dapchhuah စစ်ဘေးရှောင်စခန်းတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင် အိမ်ခြေ ၂၄ အိမ်၊ လူဦးရေ ၁၀၀ ကျော် နေထိုင်လျက်ရှိကာ နေထိုင်‌ရေးအခက်အခဲများအပြင် အခြေခံစားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်လျက်ရှိကြောင်းသိရသည်။

July 14, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍...
July 10, 2026
ချင်းပြည် တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်...
July 9, 2026
စစ်ရေးပဋိပက္ခကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်နှင့်...
July 8, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF - ဟားခါး) ၏ တပ်စခန်းတစ်ခုကို...