တိုက်ပွဲများ ရပ်တန့်နေသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့ပြင် နေရာအချို့တွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာပြီး လက်နက်ကြီး ပစ်ခတ်မှုများကိုလည်း ယခင်ကထက် ပြုလုပ်လာသဖြင့် စစ်ရေးအခြေအနေများမှာ ထူးခြားမှုရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ထူးခြားတာက စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားမှုတွကို ပြန်လည်လုပ်ဆောင်လာတယ်။ ဒါ့ပြင် ဒရုန်း၊ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်မှုတွေကို အရင်ကထက် နေ့စဉ် ရက်ဆက်တိုးပြီး လုပ်လာတယ်။ သူတို့ တစ်ခုခု သတင်းရထားပုံရတယ်။ စစ်ရေးလှုပ်ရှားမှုက အရင်နဲ့မတူဘူး” ဟု သုံးသပ်ပြောဆိုသည်။
စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးရှိ ဇော်မဒတ်၊ သုံးဆောင်ရွာ၊ ချောင်းနွယ်ဘက်ကို စစ်ကြောင်းထိုးမှုများ ရှိနေသလို ဒကစအပါအဝင် စစ်တပ်တပ်ရင်းများအနီးတွင် တည်ရှိသည့် ပါဒလိတ်၊ ကြွီတဲဖက်ကိုလည်း ယခုရက်ပိုင်းတွင် စစ်ကြောင်း ထိုးမှုများ ပြန်လည်ပြုလုပ်နေသည်ဟု ၎င်းက ပြောကြားသည်။
“စစ်တပ်ထဲမှာလည်း အခုတလောအခြေအနေခပ်လှုပ်လှုပ်ဖြစ်နေတယ်လို့ကြားရတယ်။ သူတို့သွားလာလှုပ်ရှားမှုကအရင်နဲ့မတူဘူး။ စစ်တွေမြို့ထဲမှာတော့အခြေအနေကပုံမှန်အတိုင်းဘဲ။ အခုဖြစ်နေတာက မြို့ပြင်မှာ ဖြစ်နေတာ” ဟု ပြောသည်။
ဇူလိုင်လ တတိယအပတ်အတွင်းတွင် စစ်တွေမြို့ အခြေစိုက်အမှတ် (၁၂) ရဲတပ်ရင်း၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ)၊ ကျားမသောက်ရွာအနီး အခြေစိုက်ထားသည့် စစ်ကောင်စီ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း စအရ (၉၀၈)၊ ရဲရိုးပြင်နှင့် ကြွီတဲကျေးရွာအနီး အခြေစိုက်ထားသည့် တပ်ရင်းများ၊ ခမရ (၃၄၄)၊ ပါဒလိတ်အမြောက်တပ် စသည့် တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို ပြုလုပ်နေသလို ဒရုန်းများဖြင့် ကင်းထောက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
၎င်းပြင် ပင်လယ်ပြင်တွင် ရပ်နားထားသည့် နေဗီများကလည်း ပစ်ခတ်မှုများကို ခပ်စိပ်စိပ်ပြုလုပ်လာသည်ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ဒီတစ်ရက် နှစ်ရက်မှာ မနက်ရော၊ ညပါ လက်နက်ကြီးတွေ ပစ်တယ်။ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်ထဲက အေအေ ရှိနိုင်တဲ့နေရာတွေကို ခန့်မှန်းပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တာတွေ ရှိတယ်။ နေဗီတွေကလည်း ပစ်တယ်။ အရင်ကထက် ပိုပစ်လာတော့ ထူးခြားမှုရှိနေတယ်” ဟု ပြောသည်။
စစ်တွေမြို့အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုမှာ လအတန်ကြာ ရပ်နေပြီးနောက် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်နေ့မှ စတင်ကာ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စသည့်ဒေသများသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
”တိုက်ပွဲမဖြစ်ဘဲနဲ့ ရွာတွေကိုပစ်တယ်။ ဒရုန်းနဲ့ ဗုံးကြဲတယ်။ အဲ့လိုပါ။ ရွာတွေမှာ လက်နက်ကြီးကျည်တွေ ကျတာပေါ့။ စစ်ကောင်စီ ပစ်မှတ်ထားပြီး ပစ်နေတဲ့ရွာတွေမှာ နေအိမ်တွေ မကျန်တော့ဘူး။ သူတို့ ပစ်လိုက်ရင် ပြိုတယ်။ မီးလောင်တယ်။ အဲလိုမျိုးက ပစ်တိုင်းကို ဖြစ်နေတာပါ။ ရွာသားတွေ မနေကြတဲ့အတွက် လူကတော့ ထိခိုက်မှုမရှိဘူး" ဟု ပြောသည်။
စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်များက အဓိက ပစ်မှတ်ထား ပစ်ခတ်နေသည့်နေရာများမှာ ပေါက်တောမြို့နယ်မှ င/ပြီကျွန်း၊ တောင်ဦးမော်နှင့် သဲခုံကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ခမောင်းတော၊ ကန်ချောင်း၊ အောင်ဇေယျကျေးရွာ၊ စစ်တွေမြို့နယ်မှ ဝါဘိုကျေးရွာ၊ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှ စစ်ကိုင်း၊ ဖြူချောင်း စသည့်ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် ယခုလတွင် စစ်ကောင်စီဖက်မှ ကင်းထောက်ဒရုန်းများဖြင့် စောင့်ကြည့်လျက်ရှိပြီး ပြီးခဲ့သည့်လများအတွင်းက ဒရုန်းများဖြင့် ဝါဘို၊ တောကန်ဖက်ကို စစ်ကောင်စီမှ ဒရုန်းဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်များ ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း စစ်တွေမြို့ရှိ တပ်ရင်းတစ်ခုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့် အတွက် ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာမှ အသက် (၁၇) အရွယ် မမြတ်မြတ်စိုးမှာ ဒဏ်ရာရရှိသွားခဲ့သည်။
ထို့အပြင် ဇူလိုင်လ ၁ဝ ရက်၊ ညနေပိုင်းကလည်း စစ်တွေမြို့နယ်အခြေစိုက် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း စအရ (၉၀၈) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ညောင်ပင်ရင်းကျေးရွာမှ အသက် ၅ဝ ကျော်အရွယ် ဦးကျော်လှမောင်တွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
စစ်တွေမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်များက စစ်တွေမြို့နယ်အတွင်းမှ ကျေးရွာအချို့အပါအဝင် ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်နေသဖြင့် ပြည်သူအများစုမှာ နေရပ်ကို မပြန်နိုင်ဘဲ ရှိနေကြသည်ဟု သိရသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့ (၃) မြို့သာ ကျန်ရှိတော့ပြီး ထိုအထဲက ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး မြို့တော်စစ်တွေတွင်လည်း တစ်ဖက်နှင့် တစ်ဖက် စစ်ဆိုင်ထားသည်မှာ လအနည်းငယ်ရှိနေပြီဟု သိရသည်။
နောက်ထပ်မြို့နယ်တစ်ခုဖြစ်သည့် မာန်အောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက အကြီးအကျယ် ခံစစ်ပြင်ဆင်နေသလို ပင်လယ်ရေလက်ကြားများတွင် နေဗီများဖြင့် အချိန်ပြည့် စောင့်ကြပ်နေသည်ဟု သိရသည်။







