ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တလူးကျေးရွာအနီး တနိုင်းချောင်း(Danai Kha)နံဘေးမှာ ထိုင်ထားတဲ့ NSCN-K(ယုန်းအောင်) တပ်ဖွဲ့ရဲ့ စစ်ဆေးရေးနှင့် အကောက်အခွန်ဂိတ်တစ်ခုကို ရုပ်သိမ်းပေးဖို့ KIA က အကြိမ်ကြိမ် သတိပေး အကြောင်းကြားပေမယ့် ရုပ်သိမ်းပေးခြင်းမရှိတာကြောင့် KIA ဘက်က ဖယ်ရှားပေးလိုက်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တကားကျေးရွာနဲ့ နီးတဲ့ တနိုင်းမြို့နယ်ထဲက တလူးကျေးရွာအနီးမှာ တစ်နှစ်ကျော်ကြာ ဂိတ်ထိုင်နေတဲ့ NSCN-K (ယုန်းအောင်) တပ်ဖွဲ့ရဲ့ စစ်ဆေးရေးနဲ့ အကောက်အခွန်ဂိတ်ကို ရုပ်သိမ်းပေးဖို့ KIA က NSCN-K (ယုန်းအောင်)တပ်ဖွဲ့ဆီ စာပို့ အကြောင်းကြားထားပေမယ့် ရုပ်သိမ်းပေးခြင်းမရှိတာကြောင့် သတိပေးစာပို့ပြီးနောက် တစ်နှစ်နီးပါးအကြာ ဇူလိုင်လ ၁၈ ရက်နေ့မှာ KIA က ဖယ်ရှားခဲ့တာဖြစ်ကြောင်း KIA သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
“အဲ့ဂိတ်ကို မဖယ်ရှားခင်ကတည်းက KIA ဘက်က NSCN-K ကို အကြောင်းကြားထားတယ်။ ဂိတ်ရုပ်သိမ်းပေးဖို့ပေါ့ ဒါပေမယ့် သူတို့က ဆက်ထိုင်နေတဲ့အတွက် ပြီးခဲ့တဲ့ ၁၈ ရက်နေ့မှာ ညင်သာတဲ့ နည်းလမ်းသုံးပြီး ဂိတ်ကို ဖယ်ရှားလိုက်တာ ဟုတ်တယ်” လို့ KIA သတင်းရင်းမြစ်တစ်ဦးက KNG ကို ပြောပါတယ်။
KIA ဘက်က ဇူလိုင် ၁၈ ရက်နေ့ ဂိတ်ဖယ်ရှားချိန် စစ်ဆေးရေးဂိတ်မှာ ထိုင်နေတဲ့ NSCN-K ယုန်းအောင်တပ်သား ၁၆ ဦးကို ဖမ်းဆီးသွားတဲ့အပြင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
NSCN-K ရဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ဟာ တလူး ရွှေမော်ဒေသရှိ ရွှေလုပ်ငန်းရှင်တွေနဲ့ တခြားစီးပွားရေး လုပ်ငန်းရှင်တွေဆီက အခွန်ကောက်တာ၊ ဒါ့အပြင် တနိုင်း၊ ရှင်ဗွေယန်ဘက်ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီစစ်သားတွေကို အဲ့ဒီဂိတ်ကနေတဆင့် ဖြတ်သန်းသွားလာခွင့်ပြုနေတာတွေကြောင့် ဖယ်ရှားခဲ့တာလို့ KIA ဘက်က ဆိုပါတယ်။
ခုလို KIA အနေနဲ့ NSCN-K(ယုန်းအောင်)တပ်ဖွဲ့ဂိတ် ဖယ်ရှားတာအပြင် တပ်သားများကို ဖမ်းဆီးတာ၊ လက်နက်များသိမ်းဆည်းတဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းနဲ့ နာဂလူမျိုးများအပေါ် ရန်စတဲ့ လုပ်ရပ်ဟု ရှူ့မြင်ကြောင်း နာဂဒေသ၊ လေရှီးမြို့မှာ အခြေစိုက်ထားတဲ့ နာဂကျောင်းသားများအဖွဲ့(NSO) က ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ယင်းထုတ်ပြန်ချက်မှာ နာဂနဲ့ ကချင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ အပြန်အလှန်လေးစားတမူနဲ့အတူ ယှဉ်တွဲ နေထိုင်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ကချင်ပြည်နယ် တနိုင်း၊ ရှင်ဗွေယန်
ဒေသတွေမှာ လှုပ်ရှားသွားလာနေတဲ့ နာဂလူငယ်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်တာဟာ နာဂလူမျိုးကို စော်ကားရာ ရောက်ကြောင်းနဲ့ ယင်းလုပ်ရပ်တွေကိုလည်း နာဂလူမျိုးများက လက်တုံ့မပြန်ပဲ သည်းခံခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဤကဲ့သို့ ထုတ်ပြန်ရခြင်းနဲ့ ပတ်သက်ပြီး NSO အဖွဲ့ဥက္ကဌ Mr.NaoGang Ngansa က KNG ကို အခုလို ပြောပါတယ်။
“အခုက ပြည်သူ့ဘက် မဟုတ်ပဲနဲ့ နာဂလက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ၁၈ ရက်နေ့မှာ ဂိတ်မှာထိုင်တဲ့ အဲ့ဒီနေရာက ကချင်ပြည်နယ်တော့ဟုတ်ပေမယ့် လူမျိုးက နာဂတွေပဲ အများပိုင်းနေတာ ဘိုးဘွားပိုင်မြေတွေပေါ့။ အဲ့မှာ နေတဲ့ နာဂရဲဘော်တွေကိုလည်း ဖမ်းသွားတယ်ဆို တအားများသွားပြီလေး။ အခုက နာဂလူမျိုးတွေလေး
စဉ်းစားဖို့ တခုဖြစ်သွားတာပေါ့ နှစ်ပေါင်းအကြာကြီး အတူယှဉ်တွဲ နေလာပြီးမှ အခုဖြစ်သွားတော့ နာဂလူမျိုးနဲ့ နာဂတပ်မတော်အတွက် စဉ်းစားစရာ ဖြစ်သွားတာပေါ့။ ဒါ့ကြောင့် KIA နဲ့ ကချင်လူထုကို သေချာလေး message ပေးချင်တာပေါ့ ကျွန်တော်တို့ဘက်က ဘာမှ မမှားပဲ ကျွန်တော်တို့ဘက်က ဘာမှ အနှောင့်အယှက်မပေးပဲနဲ့ ဘာလို့ ဒီလောက် အဒီအဆင့်အထိ ဖြစ်သွားတာလဲဆိုတာ message ပေးချင်တာ ပေါ့နော်” လို့ သူက ပြောပါတယ်။
KIA အနေနဲ့ NSCN-K (ယုန်းအောင်) ရဲ့ဂိတ်ကို ရုပ်သိမ်းပေးဖို့ အသိပေးထားပေမယ့် ရုပ်သိမ်းမပေးတာ ကြောင့် ဖယ်ရှားခဲ့တာဖြစ်ကြောင်းကိုလည်း NSO အဖွဲ့အနေနဲ့ ကြိုတင်သိရှိထားကြောင်း သူက ဆက်ပြောပါတယ်။
“KIA အနေနဲ့ အဲဒီမှာ ဂိတ်မထိုင်နဲ့ဆိုပြီး NSCN ဘက်ကို စာနဲ့ အကြောင်းကြားတာ ကြာပြီ။ မနှစ်က ဒီချိန်လောက်ဖြစ်မယ်။ ဒါပေမယ့်လည်း နာဂရဲဘော်တွေအနေနဲ့ ကိုယ်ဒေသ ကိုယ့်နယ်မြေ ကိုယ့်လုံခြုံရေးကို ကိုယ်က မလုပ်ပေးရင် ဘယ်သူက လုပ်ပေးမလဲ။ ဒါတော့ ကိုယ့်နယ်မြေ ကိုယ့်ဒေသပဲလေ နေရမယ်၊ ထိုင်ရမယ်။ အဲ့ဒါကြောင့် သူတို့က မနေနဲ့ မထိုင်နဲ့ ပြောတာကို မပြန်လို့ ဖမ်းသွားတာဖြစ်မှာပေါ့” လို့ သူက ဆက်ပြောပါတယ်။
NSCN-K ယုန်းအောင်အဖွဲ့ ဂိတ်ထိုင်ထားတဲ့နေရာဟာ နာဂဒေသနဲ့ ကချင်အစပ် ကပ်လျက်ရှိတဲ့ နေရာဖြစ်ပြီး လက်ရှိအချိန်ထိ နယ်စပ်မျဉ်း သီးသန့်သတ်မှတ်ထားခြင်းမရှိပဲ NSCN-K တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ခပ္ပလန် လက်ထက်ကတည်းက KIA/KIO နဲ့ NSCN-K တို့ နှုတ်ဖြင့် သဘောတူ နားလည်မှုယူပြီး နေထိုင်လာတဲ့ ဒေသတွေဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
NSO အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ KIA ရဲ့လုပ်ရပ်ကို ရှုတ်ချကြောင်း ထင်ထင်ရှားရှား ဖော်ပြထားပြီး ဖမ်းထားတဲ့ တပ်သားတွေ ပြန်လွှတ်ပေးဖို့နဲ့ လက်နက်တွေကို ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။
သို့သော် နာဂကျောင်းသားများအဖွဲ့(NSO) ရဲ့ ထုတ်ပြန်ချက်ဟာ ဒေသတွင်းပြဿနာကို ပိုကြီးထွားလာအောင် ဆွဲထုတ်နေကြောင်း၊ ယင်းထုတ်ပြန်ချက်ကိုလည်း လက်မခံကြောင်း NSCN-K(ယုန်းအောင်)အဖွဲ့ကနေ ခွဲထွက်သွားတဲ့ NSCN-K အန်းမိုင်းအဖွဲ့က ပြောပါတယ်။
“ဒီ NSO အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သဘောထားကတော့ ဒါကို ငြင်းပယ်ပါတယ်။ လက်မခံစရာပေါ့ ဘာလို့ဆို အခုဖြစ်တဲ့ပြဿနာက KIA နဲ့ ဗိုလ်ချုပ်ယုန်းအောင်တို့အဖွဲ့က ဒေသတွင်း နယ်နိမိတ်ထိစပ်တဲ့နားမှာ နားလည်မှု မှားယွင်းတာလို့ ယုံကြည်တယ်။ ဒါကြောင့် NSO ရဲ့ ထုတ်ပြန်ချက်က နိုင်ငံရေး မတည်ငြိမ်အောင်လုပ်တာ ပြင်ပအဖွဲ့အစည်းက ဆူညံအောင် မြှောက်ပင့်တာမျိုးပဲ ဒါမျိုး မလုပ်သင့်ဘူး” လို့ NSCN-K အန်းမိုင်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက KNG ကို ပြောပါတယ်။
NSCN-K ခွဲထွက် ဗိုလ်ယုန်းအန်းမိုင်းဦးဆောင်တဲ့ NSCN-K (AM)အဖွဲ့ဟာ စစ်အာဏာသိမ်းနောက်ပိုင်း ဗိုလ်ချုပ်ယုန်းအောင်နဲ့ သဘောထားကွဲလွဲမှုကြောင့် နှုတ်ထွက်သွားတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ဆွေးနွေးပြီးနားလည်မှု ယူထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
တလူးကျေးရွာဟာ တနိုင်းမြို့အောက်ဘက် တနိုင်းချောင်းကနေ စုန်ဆင်းရတာဖြစ်ပြီး တလူးကျေးရွာဘက် အောက်ဘက် တဆက်တည်းမှာတော့ ယခင်က NSCN-K ဌာနချုပ်ထိုင်ခဲ့တဲ့ တကားကျေးရွာရှိပြီး နာဂလူမျိုးတွေ အများစုနေထိုင်တဲ့ဒေသ ဖြစ်ပါတယ်။







