ဓနု ဒေသတွင် ငှက်ဖျားဆေး လိုအပ်

ဓနု ဒေသတွင် ငှက်ဖျားဆေး လိုအပ်

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ရွာငံမြို့နယ်ထဲက မင်းပလောင်ကျေးရွာက စစ်ဘေးရှောင်များ ငှက်ဖျားရောဂါ ဖြစ်နေပြီး ဆေးဝါးများ အကူအညီ လိုအပ်နေကြသည်။

ဇွန်လဆန်းပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့သော ငှက်ဖျားရောဂါမှာ လက်ရှိအချိန်ထိ ဆိုးဝါးစွာ ဆက်လက် ဖြစ်ပွားနေသည်ဟု ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျားပျံက ပြောသည်။

“ငှက်ဖျားကတော့ တော်တော်ဆိုးတယ်။ အဲ့မှာဆိုရင် ငှက်ဖျား မဖြစ်ဖူးတဲ့သူ မရှိသလောက်အောင် မကျန်တော့ အောင်ပေါ့နော်၊ အကုန်လုံးက ဖြစ်ဖူးသွားတဲ့ အနေအထားမျိုးထိ ဖြစ်နေတာ ဒီပြည်သူတွေ အပါပေါ့နော်၊ ကျနော်တို့ ဒီလက်ရှိ ကူညီဆောင်ရွက်နေတဲ့ ကျနော်တို့ အဖွဲ့သားတွေရော၊ ကျနော်တို့ ကိုယ်တိုင် အပါပေါ့နော်၊ ကျနော်တို့လည်း အဲ့လိုမျိုး သတိလစ်သွားလောက်တဲ့အထိ ဖြစ်တာပေါ့နော်။ လုံးဝ ဆိုးဆိုးဝါးဝါးကြီး၊ လုံးဝ သတိလစ်တဲ့ အခြေအနေမျိုးထိကို ဖြစ်သွားတာ။”

မိုးဦးရာသီမှ စတင်၍ ဖြစ်ပွားခဲ့သော ငှက်ဖျားရောဂါသည် စစ်ဘေးရှောင်ပြည်သူ အယောက် ၂၀၀ နီးပါးအထိ ကူးစက်ခံစားခဲ့ရပြီး လက်ရှိတွင် ငှက်ဖျား မဖြစ်ဖူးသူ မရှိသလောက် ဖြစ်နေကြောင်း ကိုကျားပျံက ဆိုသည်။

ငှက်ဖျားရောဂါကြောင့် အသက်ဆုံးရှုံးရသူများ မရှိသေးသော်လည်း ဆေးဝါး အလုံလောက် မရှိသောကြောင့် လက်ရှိအချိန်ထိ ဆက်လက် ကူးစက်မှုများ ရှိနေသည်ဟု ဆိုသည်။

လက်ရှိတွင် အဓိက စိန်ခေါ်မှုမှာ ဆေးဝါးပြတ်လပ်မှု ဖြစ်ပြီး ရရှိထားသည့် ဆေးဝါး အနည်းငယ်ဖြင့် လူနာ ဦးရေ များပြားမှုကို မျှဝေသုံးစွဲနေရသောကြောင့် ရောဂါကုသမှုကို ရက်ပြည့်အောင် မဆောင်ရွက်နိုင်ဘဲ ဖြစ်နေသည်ဟု ကိုကျားပျံက ဆက်ပြောသည်။

“ငှက်ဖျားဆေးကို ကျနော်တို့ သုံးရက်တိုက်ရမယ့် အနေအထားမျိုးမှာ အများကြီးဖြစ်တဲ့ အချိန်နဲ့ တိုးပြီးဆိုလို့ ရှိရင် ကျနော်တို့က သူတို့ကို သုံးရက်လုံး ရက်ပတ်လည်အောင် မတိုက်နိုင်တဲ့ အခါမှာ တစ်ရက်တိုက်ရတယ်၊ နှစ်ရက်တိုက်ရတယ်။ အဲ့အချိန်မှာ ကျနော်တို့က ငှက်ဖျားကို အမြစ်ပြတ်အောင် မဖြတ်ပေးနိုင်ဘူး ဖြစ်နေ တယ်။ အဲ့ဒါကြောင့်။”

ငှက်ဖျားရောဂါ အပြင် မသန့်ရှင်းသော ချောင်းရေများကို သောက်သုံးနေရခြင်းနှင့် တောတွင်း နေထိုင်မှု ပုံစံတို့ကြောင့်လည်း ယားနာကဲ့သို့သော အရေပြားရောဂါများနှင့်လည်း စစ်ဘေးရှောင်များ ရင်ဆိုင်နေရသည်။

အရပ်ဘက် အဖွဲ့အစည်းများက ဆေးဝါးနှင့် ကုသမှုများအတွက် တတ်နိုင်သလောက် ကူညီ ဆောင်ရွက်ပေးနေသော်လည်း လိုအပ်ချက်မှာ ကြီးမားနေဆဲဖြစ်ပြီး ဆေးဝါးဝယ်ယူရန် ငွေကြေးများ အရေးတကြီး လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ဆိုသည်။

ထို့အပြင် စစ်ဘေးရှောင်များအတွက် ခြင်ထောင်နှင့် စားနပ်ရိက္ခာများ အပါအဝင် အခြားသော အကူအညီ များစွာလည်း လိုအပ်နေသည်ဟု ဆိုသည်။

မင်းပလောင်ကျေးရွာသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး အိမ်ခြေ ၁၇၉ အိမ်အနက် ၁၆၈ အိမ် မီးလောင်ပျက်စီးခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှ စတင်၍ မင်းပလောင် ဒေသခံရွာသားများသည် နီးစပ်ရာ တောတောင်များ အတွင်းသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ကြရသည်။

မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့် ဒေသတစ်ခုဖြစ်သောကြောင့် ပြင်ပအလှူရှင်များ၏ အကူအညီများ ရောက်ရှိရန် ခက်ခဲနေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...