ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ

ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ

ကချင်ပြည်နယ် ၊ရွှေကူမြို့နယ်တွင်း KIA၊PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်အထိဖွင့်လှစ်ထားနိုင်ပေမယ့် သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရွှေကူမြို့ရဲ့ အရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ စီသာ၊ စီသောင်၊ မံဝင်း၊ စင်းဖုတ်၊ မံခါး၊ စီမူလေး၊ စီမူကြီးရွာတွေ အပါအဝင် ရွာပေါင်း လေးဆယ်ကျော်မှာ ဒေသခံတွေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်ထားနိုင်ခဲ့ပေမယ့် သင်ကြားရေး ဆရာ/မ မလုံလောက်တဲ့အခက်အခဲ ရင်ဆိုင်နေရတယ်လို့ စီသောင်ကျေးရွာနေ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ရွာတိုင်းလိုလိုမှာတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျောင်းဖွင့်ထားပေးတယ်။ ဒါပေမယ့် သင်ကြားရေးပိုင်း အားနည်းနေတယ်။ ဆရာ/ဆရာမ မလုံလောက်ဘူး။ တစ်ကျောင်းကို ဆရာမ လေးငါးယောက်ထဲနဲ့ သွားနေရတဲ့ ကျောင်းတွေရှိတယ်။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” လို့ သူက ပြောပါတယ်။

ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်း ၄၀ ဝန်းကျင်မှာ KG တန်းကနေ Grade 12 အထိ ဖွင့်ထားတာကြောင့် ကျောင်းသား ကျောင်းသူတွေကများပြီး ဆရာ/မ တွေ အင်အားနဲ့ မမျှတဲ့အတွက် အချိန်ခွဲပြီး သင်ကြားရတယ်လို့ သိရပါတယ်။

“ဆရာ/မ တွေမလောက်တော့ တစ်ချို့ကျောင်းတွေဆိုရင် အငယ်တန်းတွေကို မနက်ပိုင်း သင်ပြီး အကြီးတန်းတွေကို ညပိုင်းမှ သင်ရတဲ့ပုံစံမျိုးနဲ့ သွားတာရှိတယ်။ အဓိက Grade 12 အထိ ဖွင့်ထားတော့ Grade 12 တွေအတွက် ဆရာ/မ တွေ အရမ်းလိုအပ်နေတာမလောက်ဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ စီသောင်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ကျေးရွာရဲ့ထောက်ပံ့မှုနဲ့ ခေါ်ယူထားတဲ့ ဆရာ/မ၊ စေတနာ့ဝန်ထမ်းဆရာ/မ တွေအပါ စုစုပေါင်း သင်ကြားရေးဆရာ/မ ၂၀၀ ဝန်းကျင်ခန့်နဲ့ လည်ပတ်နေပြီး ကျောင်းအားလုံးမှာ ဆရာ/မ မလုံလောက်ဘူးလို့ သိရပါတယ်။

အထက်ဖော်ပြပါ စာသင်ကျောင်းတွေမှာ သင်ကြားရေး ဆရာ/မတွေ မလုံလောက်တဲ့အပြင် ပုံနှိပ်စာအုပ်တွေလည်း အခက်အခဲဖြစ်နေပြီး တစ်ချို့ကျောင်းသား/သူတွေ ပုံနှိပ်စာအုပ်မရှိပဲ 

ကျောင်းတက်နေရတဲ့ အခြေအနေအထိ ဖြစ်နေတယ်လို့ စီသောင်းကျောင်းနေ တစ်ခြားအမျိုးသားတစ်ဦးက ပြောပါတယ်။

“ဒုတိယအခက်အခဲကတော့ ပုံနှိပ်စာအုပ်ပေါ့။ တချို့ကလေးတွေ ပုံနှိပ်စာအုပ်မရှိကြဘူး။ ဟိုလူ့ဆီကကူးချ ဒီလူ့ဆီကကူးချနဲ့ ကျောင်းတက်နေရတာ။ ပုံနှိပ်က အသစ်ရှိကို မရှိဘူးဗျ။ အဟောင်းပဲ လက်ဆင့်ကမ်းသုံးနေကျတာ” လို့ သူက ပြောပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းတွေဟာ ရွှေကူမြို့ရဲ့ ဧရာဝတီမြစ် တစ်ဖက်ခြမ်းမှာရှိပြီး စစ်ကောင်စီ

ကင်းစင်တဲ့နယ်မြေတွေမှာ ဖြစ်သလို ပြီးခဲ့တဲ့နှစ်ကလည်း ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၃၀ ဝန်းကျင်အထိ ဖွင့်လှစ်နိုင်ခဲ့ကာ ကျောင်းသား၊ သူပေါင်း တစ်သောင်းကျော်အထိ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီနဲ့နီးတဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေနဲ့ မြို့ပေါ်ကကျောင်းတွေမှာတော့ စစ်ကောင်စီရဲ့ အခြေခံပညာကျောင်းတွေဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ရွှေကူမြို့နယ်ဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း ရွာလုံးကျွတ်မီးရှို့ခံရလို့ ပြည်သူသောင်းချီနေရပ်စွန့်ခွာခဲ့ကြရပေမယ့် ၂၀၂၃ ခုနှစ် နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...