မကွေး ပဒါန်းတွင် အမ်းမှ စစ်ရှောင် ရခိုင်နှင့် ချင်းလူမျိုး ၅၀ ဦးခန့် စစ်ကောင်စီထံ စစ်မှုထမ်းရန်ပို့ဆောင်ခံရ

မကွေး ပဒါန်းတွင် အမ်းမှ စစ်ရှောင် ရခိုင်နှင့် ချင်းလူမျိုး ၅၀ ဦးခန့် စစ်ကောင်စီထံ စစ်မှုထမ်းရန်ပို့ဆောင်ခံရ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၊ ပဒါန်းမြို့နယ်တွင် အမ်းမြို့နယ်မှ စစ်ဘေး‌ရှောင် ရခိုင်နှင့် ချင်းလူမျိုး ၅၀ ဦးခန့်သည် စစ်ကောင်စီထံ စစ်မှုထမ်းရန်ပို့ဆောင်ခံရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်၊ အမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း ပဒါန်းမြို့နယ်သို့စစ်ဘေးရှောင်သွားကြသူများအနက် ရခိုင်နှင့် ချင်းလူမျိုး ဦးရေ (၅၀)ခန့်သည် ယခုဇူလိုင်လအတွင်းတွင် စစ်ကောင်စီထံ ဖမ်းဆီးခံရပြီး ပြည်သူ့စစ်သင်တန်းတက်ရန် ပို့‌ဆောင်ခံနေရသည်ဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အခုလက်ရှိသိရသလောက် အယောက်(၅၀)လောက်ရှိနေပြီ။ ချင်းနဲ့ ရခိုင်လူမျိုးတွေ။ ဒီထက်တောင် များနိုင်သေးတယ်။ အဖမ်းခံရတဲ့သူတွေက ပိုက်ဆံမရှိလို့ အပြင်ထွက်ပြီး ကြုံရာကျပန်းလုပ်စားနေတဲ့သူတွေပါ" ဟု ပြောသည်။

ရခိုင်လူမျိုးအပါအဝင် ချင်းလူမျိုးများသည် ကြုံရာကျပန်းလုပ်ကိုင်ရန် လမ်းသွားလမ်းလာနေစဉ်၊ နေ့/ညအချိန်မရွေး ဧည့်စာရင်းများစစ်ဆေးစဉ်နှင့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များအပြင် လုပ်ငန်းခွင်တို့တွင် စစ်ကောင်စီတပ်၏ စစ်ဆေးခြင်းကို ခံနေရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင်လည်း မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများမပြနိုင်ဟုဆိုကာ ဖမ်းဆီးပြီး စစ်သင်တန်းတက်ရန် ပို့ဆောင်ခြင်းဖြစ်သည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မိန်းကလေးတွေကိုလည်း ဖမ်းတယ်။ အဓိက အလုပ်လုပ်ဖို့သွားတဲ့လမ်းတွေမှာ ဖမ်းတယ်။ အကြောင်းပြချက်က မှတ်ပုံတင်မရှိ၊ သန်းခေါင်စာရင်းမရှိ ဆိုပြီး အမျိုးမျိုးအကြောင်းပြပြီး ဖမ်းတယ်။ ဆုံကုန်းအမြောက်တပ်ကို ပို့တယ်။ အဲဒီကတဆင့် သင်တန်းကျောင်းတွေကို ပို့တယ်လို့ကြားတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး မြို့နယ်ကျေးရွာများတွင် စစ်သင်တန်းတက်ရန် ခေါ်ဆောင်ရာ၌ ရခိုင်စစ်ရှောင်များကို အဓိကထား၍ အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးပို့ဆောင်နေခြင်း ဖြစ်ကြောင်း ပဒါန်းဒေသခံများက ပြောသည်။

ပဒါန်း‌ဒေသခံ အမျိုးသားတစ်ဦးက "ဘယ်လိုဖြစ်လဲဆိုတော့ စစ်မှုထမ်းဥပဒေအတွက် စစ်သင်တန်းတက်ဖို့ ရွာတွေမြို့တွေမှာခေါ်တယ်။ ဒီတော့ သူတို့က ကိုယ့်လူတွေကို မထည့်ဘူး။ ရခိုင်ကစစ်ရှောင်တွေကို မှတ်ပုံတင်မပါ။ အိမ်ထောင်စုမပါဆိုပြီး ဖမ်းခေါ်တယ်" ဟု ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရသူများတွင် ပဒါန်းရှိ တရုတ်မကျောက်မီးသွေးတွင်းတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူများလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှစ၍ ပဒါန်းမြို့တွင် အမ်းမြို့နယ်မှ စစ်ရှောင်များအပြင် ဒေသခံ (အရှို)ချင်းလူမျိုးများ ဖမ်းဆီးခံရမှု ရာနှင့်ချီရှိနေပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...