အမ်းနှင့် မြေပုံမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမြင့်တက်နေ၍ ဆေးဝါးများ အရေးပေါ်လိုအပ်နေ

အမ်းနှင့် မြေပုံမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမြင့်တက်နေ၍ ဆေးဝါးများ အရေးပေါ်လိုအပ်နေ

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမြင့်တက်နေ၍ ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်ရှိ အမ်းချောင်းနှင့် ဒါးလက်ချောင်းဖက်မှ ဒေသခံများမှာ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်၊ ဝမ်းလျှောနှင့် ဖျားနာခြင်းများဖြစ်နေကြသည်ဟု အမ်းစစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မိုးများရင် ရေပြည့်တဲ့ဒဏ်ကိုလည်း ခံစားရတယ်။ ပြီးတော့ အခုက အသီးအနှံတွေမှည့်တဲ့အချိန်။ ပိန္နဲသီးတို့၊ သရက်သီးတို့ စားမိလို့ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာ ကလေးတွေအဖြစ်များနေကြတယ်။ နှစ်စဉ်ဖြစ်တယ်။ အဓိက ရောဂါဖြစ်ရင် ကုသဖို့ဆေးရှားတာပါ" ဟု ပြောသည်။

ယင်းအပြင် မြေပုံမြို့နယ်ရှိ ယောချောင်း၊ တုတ်ချောင်းနှင့် တောင်စိုင်ကမ်းစသည့် ကျေးရွာများမှ ဒေသခံများမှာ လည်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွား၍ ကုသစရာဆေးဝါးရှားပါးနေသည်ဟု မြေပုံမြို့နယ်အခြေအနေ သိရှိသူ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ရခိုင်မှာက အလွယ်တကူကုလို့ရတဲ့ ရောဂါတွေကိုတောင် သောက်စရာ၊ ကုစရာ ဆေးတွေ မရှိသလောက်ပဲ။ ရှိပြန်ရင်လည်း ဈေးက ခေါင်ခိုက်နေတယ်။ အဓိက ဥယျာဉ်ခြံပေါတဲ့နေရာတွေမှာ ဖြစ်နေကြတာ။ အသီးပေါ်ရင် စားကြတယ်လေ" ဟု ပြောသည်။

ရခိုင်မှ မြို့နယ်အနှံ့အပြားတွင် မိုးဦးရာသီ‌ရောက်လျှင် နှစ်စဉ်နှစ်တိုင်း ငှက်ဖျား၊ ရာသီတုပ်‌ကွေးအပြင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားမှုရှိကြောင်း သိရသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၁၃)ရက်မှစ၍ စစ်ကောင်စီဖက်မှ ရခိုင်နှင့် ပြည်မလမ်း အဝင်/အထွက်များပိတ်လိုက်သည့်အတွက် လူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများလည်း တင်သွင်းခွင့်မရတော့ဘဲ ရှားပါးပြတ်တောက်လျက်ရှိသည်။

ဆေးဝါးကို ပုံမှန်မှီဝဲသောက်သုံးနေသူများမှာလည်း ဆေးဝါးပြတ်လပ်သွားသည့်အတွက် အချိန်မတိုင်မီ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ရာသီအလိုက်ဖြစ်ပေါ်တတ်သည့် ငှက်ဖျား၊ တုတ်ကွေး၊ ဝမ်းပျက်၊ ဝမ်း‌လျှော၊ ယားနာစသည့် ရောဂါများအတွက် ဆေးဝါးများမှာလည်း မရှိသလောက်ရှားပါး‌နေကြောင်း ဒေသခံများက ပြောသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...