ဝေါ်လေတိုက်ပွဲကြောင့် ဒေသခံ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ဝေါ်လေတိုက်ပွဲကြောင့် ဒေသခံ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ် (မြဝတီမြို့ တောင်ဘက်)၊ ဝေါ်လေမြိုင်မြို့သစ်အနီးရှိ ဝေါ်လေဗျူဟာ စစ်ကောင်စီ စခန်းကုန်းတိုက်ပွဲကြောင့် နယ်မြေခံ စစ်ဘေးရှောင် ပြည်သူ ၃,၀၀၀ ‌ကျော် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေရသည်ဟု ဒေသခံထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ ဇူလိုင် ၃ ရက်မှ ယနေ့အထိ စစ်ကောင်စီ ဝေါ်လေဗျူဟာကို တိုက်ခိုက်နေပြီး နှစ်ဖက်လက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်နေကြခြင်းဖြစ်သည်။

နှစ်ဖက်တိုက်ပွဲကြောင့် ဝေါ်လေမြို့သစ်အနီးရှိ ဝေါ်လေဗျူဟာနှင့် ဥကရိထ စခန်းကုန်း အနီးတဝိုက်တွင် နေထိုင်သည့် ဒေသခံအများစုသည် နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်အနား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လတ်တလော နယ်စပ်တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသောကြောင့်  အချို့မှာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်ခိုလှုံလာကြပြီဟု စစ်ရှောင်လာသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“တိမ်းရှောင်နေရတဲ့ ၃၀၀၀ ကျော်ရှိတယ်။ လောလောဆယ်ဆယ်က အဆင်ပြေသလိုပဲ နေကြရတာပေါ့။ ထိုင်းဘက်ခြမ်းမှာလည်း အများကြီး ရောက်နေကြပြီ။” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့မှ ယနေ့ထိ ဖြစ်ပေါ်ခဲ့သည့် ဝေါ်လေစစ်ဗျူဟာကုန်း စခန်းတိုက်ပွဲကြောင့် စခန်းကုန်းအနီးတဝိုက်ရှိ ဒေသခံများနေထိုင်ရာ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ် 

လုပ်ဆောင်သောကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများရှိနေသည်ဟု အဆိုပါ ဝေါလေဒေသခံက ဆက်ပြောသည်။

၎င်းက “မနေ့က တစ်ယောက်ထိတယ်။ ဒီနေ့ သုံးယောက် ထပ်ထိတယ်။ အခု ထိခိုက်ဒဏ်ရာရသူတွေရော ဒေသခံတွေရော ထိုင်းဘက်ခြမ်း ယာယီ စစ်ရှောင်စခန်းမှာ ပြောင်းရွှေ့ကြကုန်ပြီ” ဟု ပြောသည်။

ထိုင်းမီဒီယာများက ဖော်ပြချက်အရမူ တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင်လာသူများနှင့် ထိခိုက် ဒဏ်ရာရလာသူများကို ထိုင်းအာဏာပိုင်များက လူသားချင်းစာနာမှုအကူအညီ ပေးလျက်ရှိသည်ဟု 

ဖော်ပြထားသည်။

ထို့အတူ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နီးကပ်သည့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကိုလည်း အာဏာပိုင်များ၊ တာဝန်ရှိ တပ်ရင်းတပ်ဖွဲ့များမှ မျက်ခြေမပြတ်စောင့်ကြည့်နေကြကြောင်းလည်း သိရသည်။

KNU ဒူးပလာယာခရိုင်အတွင်း ယနေ့အချိန်အထိ တိုက်ပွဲများ နေရာစုံ ဖြစ်ပွားနေဆဲဖြစ်ပြီး ဒေါနအရှေ့ခြမ်း လေးကေကော်မှ ဝေါလေ၊ ကနဲလေးဒေသအထိ KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ဒေသတွင်းရှိ ဘလယ်ဒို၊ သေဘော်ဘိုး၊ လေးဂေါ်၊ ဆုံဆည်းမြိုင်နှင့် ဝါးမီးထ‌ကျေးရွာမှ စုစုပေါင်း လူဦးရေ ၄၀၀၀ ကျော်ခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

Most read this week

Photo: CJ
February 18, 2026
မြန်မာမှ ထိုင်းသို့ မြဝတီ-မဲဆောက်တံတားမှတစ်ဆင့် ပထမဆုံးအကြိမ် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border...
Photo: KNU
February 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ...
February 16, 2026
ကရင်စာပေနှင့် နည်းပညာကဏ္ဍတွင် ကရင်ယူနီကုဒ် (Karen Unicode) စနစ်ကို ပိုမိုတွင်ကျယ် လာစေရန်နှင့်...
February 14, 2026
မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်) ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက်...