သျှမ်းပြည်၊ လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို အခွန်အဆမတန် ကောက်ခံနေခြင်းကြောင့် ကုန်သည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။
ဇွန်လဆန်းပိုင်းမှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်နှင့် မိုင်းရယ်မြို့နယ် ဟိုဟကျေးရွာကြားရှိ လွယ်ငင်းကျေးရွာအနီး ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားသည့် ကုန်တင်ကားများကို အဆမတန် အခွန်ကောက်ခံနေခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း ကုန်သည်များက ပြောသည်။
“ဟိုယနဲ့ နမ့်ပေါင်ကြားထဲက ကိုးကန့်ဂိတ်မှာ ဆန်တင်ကားဆိုရင် ဆန်တစ်ပိုင်းကို ငါးထောင်၊ ကုန်တင်ကား ၁၂ ဘီးဆိုရင် ၂၅ သိန်းကနေ သိန်း ၃၀ ကြားအထိ တောင်းတယ်။ ကုန်ဆိုရင် တစ်တန်ကို နှစ်သိန်းခွဲ တောင်းတယ်။ ကုန်များရင် ကားတစ်စီးကို သိန်းဆယ်ချီ အခွန်ဆောင်ရတော့ ကုန်သည်တွေလည်း အဆင်မပြေဘူး” ဟု လားရှိုးမြို့မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA သည် မိုင်းရယ်မြို့နယ်အတွင်း လွယ်ငင်းကျေးရွာ ဈေးအပေါ်ဘက်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ သျှမ်းပြည်တောင်ပိုင်းမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို အခွန်အဆမတန် ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သျှမ်းပြည်တောင်ပိုင်းမှ စက်သုံးဆီများကို ပေပါဗုံးဖြင့် ၁၂ ဘီးကားပေါ် တင်ဆောင်လာပါက မိုင်းရယ်နှင့် လားရှိုးကြားရှိ MNDAA စစ်ဆေးရေးဂိတ်တွင် ကားတစ်စီးလျှင် ကျပ်ငွေ ၃၅ သိန်းမှ သိန်း ၄၀ အထိ ပေးဆောင်ရကြောင်း ဒေသခံများက ပြောဆိုသည်။
အလားတူ မြန်မာ-တရုတ် နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်စည်များလည်း MNDAA ထိန်းချုပ်နယ်မြေများကို ဖြတ်သန်းလာပြီးနောက် လားရှိုးနှင့် မိုင်းရယ်ကြားရှိ ၎င်း MNDAA စစ်ဆေးရေးဂိတ်တွင် ထပ်မံအခွန်ပေးဆောင်ရကြောင်း ကုန်သည်များက ပြောသည်။
“လားရှိုး-သီပေါကြားထဲ စဉ့်အင်တံတားကို ပြန်ပြင်ထားတယ်ဆိုပေမယ့် ကုန်ကားတွေ ဖြတ်လို့ မရသေးဘူး။ တရုတ်ဘက်ကလာတဲ့ ကုန်တွေလည်း နမ့်ပေါင်လမ်းဘက်ပဲ လာကြတော့ MNDAA ဂိတ်မှာ အခွန်ထပ်ပေးရတော့
အရမ်းများလို့ ပြည်သူတွေလည်း မခံနိုင်ဘူး၊ တော်တော်လေး ငြီးနေကြပြီ” ဟု မူဆယ်-မန္တလေး ကုန်စည်ပို့ဆောင်နေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ယမန်နေ့ (ဇူလိုင်လ ၁ ရက်) မှ စတင်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ၁၀၅ မိုင် ကျင်းစန်းကျော့ ကုန်သွယ်ရေးဇုန်တွင် နယ်စပ်ကုန်သည်များ၊ ဂျူတီဆောင်ကုမ္ပဏီများနှင့် ကုန်ကားဂိတ်များ အခွန်ဆောင်ရန် အွန်လိုင်းစနစ်ဖြင့် စတင်လုပ်ဆောင်ခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
စစ်ကောင်စီသည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် လားရှိုးမြို့ကို MNDAA ထံမှ ပြန်လည်ရရှိခဲ့ပြီးနောက် မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့သော်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ၎င်းတို့ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တရားဝင် အခွန်ကောက်ခံမည်ဖြစ်ကြောင်း ဇွန်လဆန်းကတည်းက ကြေညာထားခဲ့သည်။







