မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့တွင် ရေမြုပ်နေပြီး စားနပ်ရိက္ခာများ ပြတ်လပ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“မိုးက ယခင် မေလကလည်း လေမုန်တိုင်းကြောင်း အဆက်မပြတ်ရွာသွန်းခဲ့တယ်။ အခုဇွန်လမှာလည်း လေမုန်တိုင်းကြောင့် မိုးက အဆက်မပြတ် ရွာသွန်းနေတယ်။ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအချို့ ရေနှစ်မြုပ်တာတွေရှိနေပါတယ်။ မိုးကြီးတော့ အပြင်ထွက်လို့လည်း အလုပ်မလုပ်နိုင်ကြဘူး။ ဟင်းရှာ၊ ငါးရှာလည်း မသွားနိုင်ကြဘူး။ ကူညီထောက်ပံ့မူတွေလည်းမရှိကြဘူး။ စားနပ်ရိက္ခာတွေ ပြတ်လပ်နေကြပြီး ဒုက္ခတွေ့နေရပါတယ်” ဟု မောင်တောကိုင်းကြီးကျေးရွာဒေသခံ လူကြီးတစ်ဦးက ပြောကြားသည်။
ဇွန်လ ၁၃ ရက်နေ့မှ မနေ့က ဇွန် ၃၀ ရက်နေ့အထိ မောင်တောဒေသအပါအဝင် ရခိုင်တစ်ပြည်လုံးတွင် မိုးအဆက်မပြတ်ရွာသွန်းနေသည်ဟု သိရသည်။
တစ်လနီးပါး နေ့စဉ်ရက်ဆက် မိုးအဆက်မပြတ်ရွာသွန်းနေမူကြောင့် မောင်တောမြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက်ထဲမှ ရွာသစ်ကေ(ဟိန္ဒူ)၊ ဝက်သတ်ကုန်း(ရခိုင်)နှင့် မြို့မကညင်တန်းရပ်ကွက်ရှိ အောင်မြေဗောဓိရပ်ကွက်အပါအဝင် မောင်တောမြို့နယ်မြောက်ပိုင်းမှ ခုံတိုင်၊ မြဝတီ၊ မောင်တောမြို့နယ်တောင်ပိုင်းမှ အောင်သုခ၊ ကိုင်းကြီး(မြို)အောက်ရွာများဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရခိုင်ပြည်အနှံ့တွင် လျှပ်စစ်မီးမရရှိသဖြင့် ဆိုလာများဖြင့် ဖုန်းဘတ္တရီအား ဖြည့်သွင်းနေကြရာ နေ့စဉ်ရက်ဆက် အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ဆိုလာဖြင့် အားသွင်း၍ မရသဖြင့် မောင်တောမြို့နယ်တွင် တစ်ရွာနှင့် တစ်ရွာ အဆက်အသွယ်များ ပြတ်တောက်နေသည်ဟု ဒေသခံများက ပြောဆိုထားသည်။
“မိုးအဆက်မပြတ်ရွာနေတော ဆိုလာနဲ့ ဘယ်လိုမှ ဘတ္တရီနဲ့ ဖုန်းတွေကို အားဖြည့်လို့မရနိုင်ကြတော့ဘူး။ မီးစက်နဲ့ အားဖြည့်ယင်လဲ့ လောင်စာဆီက တစ်လီတာကို မြန်မာငွေ ၁၀၀၀၀ ကျပ်အထိ ဈေးမြင့်နေတော့ ဖုန်းတစ်လုံးအားဖြည့်ယင်ကျပ် ၃၀၀၀ အထိပေး နေရတယ်။ ဒါတောင် ၁၀၀ ရာခိုင်နူန်းအထိ မပြည့်နိုင်ပါဘူး။ ဒီဒေသကပြည်သူတွေ ဖုန်းဘတ္တရီတွေ အားမရှိတော့ အဆက်အသွယ်ပြတ်တောက်ပြီး အတော်လေး အခက်တွေ့နေကြရတယ်" ဟု ဒေသခံ မွတ်ဆလင်လူကြီးတစ်ဦးက ပြောဆိုသည်။
ရခိုင်ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းများ ၃ ကြိမ်တိုင်တိုင် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေပြီး လက်ရှိတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသဖြင့် ရခိုင်ဒေသ၌ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းဖြစ်သည်ဟု သိရသည်။
ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီ တိုင်းထွာချက်အရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားနိုင်ပြီး နောက်နှစ်ရက်အတွင်း အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် မြောက်ပိုင်း၊ အနောက် ဘင်္ဂလာပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု မြန်မာ့မိုးလေဝသ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။







