တံတားကျိုးကျမှုကြောင့် မိုးကုတ်-မန္တလေး-လားရှိုး-မူဆယ် ယာဉ်များ အခက်ကြုံ

တံတားကျိုးကျမှုကြောင့် မိုးကုတ်-မန္တလေး-လားရှိုး-မူဆယ် ယာဉ်များ အခက်ကြုံ

တံတားကျိုးကျမှုကြောင့် မိုးကုတ် - လားရှိုး - မူဆယ် ယာဉ်လိုင်းများ သွားရေးလာရေး အခက်အခဲ ဖြစ်နေကြသည်။

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့အဝင်ရှိ နမ့်ကော်တံတား ကျိုးကျမှုကြောင့် မိုးကုတ် - လားရှိုး - မူဆယ် ယာဉ်လိုင်းများ သွားရေးလာရေး ခက်ခဲလာနိုင်သည်ဟု ယာဉ်လိုင်းတာဝန်ရှိသူများက ပြောသည်။

ဖြတ်သန်းသွားလာခဲ့သည့် ယာဉ်မောင်းတစ်ဦးက “ကွင်းလမ်းက တံတားဘေးတင်ပဲလေ။ ရေထဲကနေ ဖြတ်ရ တာ။ ကုန်ကားကြီးတွေ ဘက်ဖိုးတွေကျရင် အဲဒီအောက်ကနေ သွားခိုင်းတာပေါ့။ အဲဒါကို မသွားတော့ တံတား ပေါ်ကဆို တံတားက ဝိတ်မခံနိုင်ဘူးလေ။ ဝိတ်က ကားကမြင်တဲ့အတိုင်းပဲလေ အဲဒီမှာ နည်းတာမဟုတ်ဘူး” ဟု ပြောသည်။

ကုန်ကားများ ဖြတ်သန်းမှုကြောင့် ဇွန်လ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကျိုးကျပျက်စီးခဲ့ခြင်းဖြစ်ပြီး လက်ရှိ မြေပြင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေများအရ လတ်တလော ပြုပြင်နိုင်ရန် မဖြစ်နိုင်သေးဘူးဟု ဆိုကြသည်။

လတ်တလော အခြေအနေအရ ကားကြီးများသာ ကွင်းလမ်းမှတဆင့် သွားလာနိုင်ပြီး ကားသေးနှင့် ဆိုင်ကယ်များ ဖြတ်သန်းရန် အန္တရာယ်များသဖြင့် ယာဉ်လိုင်းများ အခက်တွေ့နေခြင်းဖြစ်သည်။

တံတားကျိုးပြီးနောက် အကျိုးဆက်အနေဖြင့် တံတားအနီးရှိ တစ်မိုင်ကွေ့တွင် ကားအစီးရေ ရာချီ တန်းစီပိတ်မိနေသည်ဖြစ်ရာ မြေပြင်တာဝန်ရှိသူများထံသို့ ယာယီတံတားထိုးပေးရန် တောင်းဆိုထားသည်ဟု ယာဉ်မောင်းများက ဆိုသည်။

ဖြတ်သန်းသွားလာခဲ့သည့် ယာဉ်မောင်းတစ်ဦးက “အရင်နှစ်တွေကျတော့ အဲဒီလမ်းက အသွားလာနည်းတယ်လေ။ အခုဟာက ကျောက်မဲရော၊ လားရှိုးရော၊ မူဆယ်ရော အားလုံးက မန္တလေးကနေသွားတာ။ ကုန်ကားအားလုံးက အဲဒီကနေ သွားနေတာ။ အဲခါကျတော့ ကုန်ကားတွေများတော့ မခံနိုင်တော့ဘူး။ ကွင်းလမ်း လုပ်ထားပေးလည်း အဲဒီကွင်းလမ်းကနေ မသွားကြလို့ ကုန်ကားတွေက။ အခု အဲဘက်လမ်းက မပြင်နိုင်ဘူးလေ။ တံတားတွေရော၊ လမ်းတွေရော မပြင်နိုင်ဘူး။ အကုန်လုံး တောက်လျှောက်က အဲ့လိုဖြစ်တော့ လမ်းတွေ တော်တော်ပျက်ပါတယ်” ဟု ဆက်ပြောသည်။

နမ့်ကော်တံတား ပျက်စီးမှုကြောင့် မန္တလေး - လားရှိုး - မူဆယ် ယာဉ်လိုင်းနှင့် ကုန်ကားများ အဝင်အထွက် နည်းလာနိုင်ပြီး ကုန်စည်ဝင်ရောက်မှု ကြန့်ကြာခြင်း၊ ခရီးသည်များ လမ်းခရီး အချိန်နှောင့်နှေးခြင်း၊ ရက်ရှည်ပြတ်တောက်ပါက ကုန်စည်များ ဈေးတက်လာနိုင်ခြင်း စသည့်အခက်အခဲများ ရင်ဆိုင်ရဖွယ်ရှိသည်ဟု ယာဉ်မောင်းများက ခန့်မှန်းထားကြသည်။

ကျောက်မဲမြို့နယ်တွင် အင်္ဂလိပ်အစိုးရလက်ထက်က တည်ဆောက်ခဲ့သော တံတားမှာ နမ့်ကော်နှင့် မိုင်းလုံဟူ၍ တံတား ၂ စင်းရှိပြီး မိုင်းလုံတံတားမှာ လက်ရှိချိန်အထိ ခိုင်ခိုင်ခံ့ခံ့ အသုံးပြု၍ရနေသေးသည်ဟု ဆိုကြသည်။

ကျောက်မဲမြို့နယ်အား လက်ရှိတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ထိန်းချုပ်ထားပြီး စစ်ကောင်စီနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...