ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသရှိ ကျေးရွာများကို တစ်ရွာကိုတပ်သား ၁၀ ဦးအထိပေးဖို့ ဗန်းမောက် ပကဖ တောင်းဆိုထား

ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသရှိ ကျေးရွာများကို တစ်ရွာကိုတပ်သား ၁၀ ဦးအထိပေးဖို့ ဗန်းမောက် ပကဖ တောင်းဆိုထား

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသရှိ ကျေးရွာ ၆ ရွာကို တစ်ရွာလျှင် တပ်သား ၁၀ ဦးပေးဖို့ ဇွန်လဆန်းပိုင်းမှာ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး တောင်းဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမောက်တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ နားလိမ်ကားကျေးရွာ၊ မံကင်းကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ဆယ်ကြီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ပင့်စင်တဲကျေးရွာတို့ကို  NUG ရဲ့ ဗန်းမောက်မြို့နယ် ပကဖ က တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အစည်းအဝေးလုပ်ပြီးတော့ သူတို့တောင်းတာ တစ်ရွာကို ၁၀ ယောက်အထိ ပေးရမယ်။ ရွာသားတွေကတော့ အဲ့ဒါက များလို့ မပေးနိုင်ဘူးလို့ ပြန်ပြောတဲ့ဟာကို ပကဖ ခေါင်းဆောင် လင်းနိုင်က တစ်အိမ်တက်ဆင်း လိုက်ဆွဲမယ်ဆိုပြီး အစည်းအဝေးမှာပြောတာ” လို့ အမည်မဖော်လိုတဲ့ တောင်ပိုင်းဒေသခံတစ်ဦးက ပြောပြပါတယ်။

တပ်သားသစ်ကောက်ယူမှုတွေ ယခင်က ရှိခဲ့ပေမယ့် အခုလို ဦးရေမများပဲ ညှိနှိုင်းမှုတွေ ပြုလုပ်လို့ရခဲ့တဲ့အခြေအနေတစ်ရပ်လို့ သိရပါတယ်။

အခုတစ်ကြိမ်မှာတော့ ညှိနှိုင်းလို့မရနိုင်တော့ဘဲ  ဇွန်လကုန်ကို တပ်သားသစ်တွေ မပေးနိုင်ရင် ညအချိန်မှာ တစ်အိမ်တက်ဆင်း ဖမ်းဆီးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ အစည်းအဝေးတက်ခဲ့သူတစ်ဦးရဲ့ ပြောဆိုမှုအရ သိရပါတယ်။

ဗန်းမောက်တောင်ပိုင်းဒေသကို NUG ထိန်းချုပ်စိုးမိုးထားတာ နှစ်နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး

တိုက်ပွဲလည်း မရှိတော့တဲ့အနေအထားလည်းဖြစ်ပါတယ်။

အခုလို ရုတ်တရက် တပ်သားသစ်တွေ တောင်းဆိုမှုဟာ ဗန်းမောက်မြောက်ပိုင်းဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့လည်း ဆက်စပ်နိုင်ပြီး လူအင်အားလိုအပ်ချက်ကြောင့်လို့ ဒေသခံတချို့က ရှုမြင်နေကြပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့ပေါ်မှာလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေသလို မြို့နှင့် ၂ မိုင်အကွာဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ဗန်းမောက်မြို့နယ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ အင်းတော်မြို့နယ်နဲ့ တောင်ပိုင်းဒေသမှာရှိတဲ့ ပင်လည်ဘူးမြို့နယ် တို့ကို NUG  နဲ့ KIA+PDF ပူးပေါင်းတပ်တို့က ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...
July 15, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ထီးချိုင့်မြို့ပေါ်  ရပ်ကွက်အချို့တွင်...
July 13, 2026
‘အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့’ မှ ခေါင်းဆောင် ကိုဝင်းဇော်အပါအဝင် ဒေသခံ...