နေအိမ်တွေ ရေဘေးကြောင့် ပျက်စီးပြီး ဒုက္ခဖြစ်နေတဲ့ မီဇိုရမ်ရောက် ပလက်ဝစစ်ဘေးရှောင်များ ယခုအချိန်အထိ အကူအညီ ရောက်မလာသေး

နေအိမ်တွေ ရေဘေးကြောင့် ပျက်စီးပြီး ဒုက္ခဖြစ်နေတဲ့ မီဇိုရမ်ရောက် ပလက်ဝစစ်ဘေးရှောင်များ ယခုအချိန်အထိ အကူအညီ ရောက်မလာသေး

ရေဘေးကြောင့် နေအိမ် ၁၀၀ ကျော် ရေနစ်မြုပ်ကာ ဒုက္ခရောက်နေတဲ့ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာက ပလက်ဝစစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေလိုအပ်နေပြီး  အခုထိ ကူညီကယ်ဆယ်မယ့် အဖွဲ့အစည်းတွေလည်း ရောက်မလာနိုင်ကြသေးဘူးလို့ သိရပါတယ်။

ပလက်ဝ လူသားချင်းစာနာကူညီရေးဌာနက တာဝန်ရှိသူတစ်ဦးက “တွီဒင်းနဲ့ ကာကီက စခန်း ၂ ခုပေါင်းလိုက်ရင် လူဦးရေ  ၆၆၉ ဦးက ရေဘေးသင့်ပြည်သူတွေပေါ့။ အရေးပေါ်လိုအပ်ချက်မှာ အခြေခံစားနပ်ရိက္ခာတွေ လိုအပ်ကြတယ်။ နောက်ပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှု အကူအညီ ဆေးဝါးတွေလည်း လိုအပ်တယ်လို့ပြောတယ်။ ဘာကြောင့်လဲဆိုရင် သူတို့လည်း မိုးရေထဲမှာ ရွှေ့ပြောင်းပြီး နေနေကြရတာဆိုတော့ လက်တလောမှာ ဖျားနာသူတွေလည်း ရှိနေကြတယ်။ လက်ရှိအခြေအနေအရ သူတို့ကို ကူညီကယ်ဆယ်မယ့် အဖွဲ့အစည်းတွေ မရောက်ပေးနိုင်သေးဘူးပေါ့။ အဲလိုမျိုးအနေအထားတော့ စစ်ရှောင်စခန်းတွေဆီကနေ ကျနော်တို့ တဆင့်ပြန်ကြားရတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝဒေသကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်က တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာတွေမှာ စစ်ဘေးရှောင်နေတဲ့ ပလက်ဝစစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတွေမှာ မေလ ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ခဲ့ပြီး စစ်ရှောင်တွေရဲ့နေအိမ်တွေ ရေမြှုပ်၊ မျှောပါ ပျက်စီးတာတွေနဲ့ ကြုံခဲ့ကြရတယ်လို့ သိရပါတယ်။

“အိမ်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အမိုးအကာတွေပေါ့နော်။ ပစ္စည်းတွေ အကူအညီလိုအပ်ကြတယ်။ သူတို့မှာလည်း ဝင်ငွေလည်းမရှိတဲ့ခါကြတော့ အိမ်တစ်အိမ် ပြန်တည်ဆောက်နိုင်ဖို့အတွက် သူတို့အတွက် စိန်ခေါ်မှုဖြစ်တယ်။ နောက်ပြီး မနေ့ကတော့ ရေကျသွားပြီဆိုပေမယ့် ဒီမနက်ကြတော့ မိုးပြန်ရွာပြီး ရေက ပြန်တိုးလာနေတယ်လို့ ပြောတယ်ဆိုတော့ ခန့်မှန်းရခက်တယ်။ ဘယ်လောက်ထိ မိုးပြန်ရွာပြီး ရေကြီးလို့ ဘယ်လောက်ထပ်မြှုပ်ခံရအုန်းမလဲဆိုတာလည်း ခန့်မှန်းရခက်နေတယ်” လို့လည်း ပလက်ဝ လူသားချင်းစာနာကူညီရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တွီဒင်းရွာ စစ်ရှောင်စခန်းမှာဆိုရင် အိမ်ခြေ ၁၈ လုံး (လုံးဝ) ပျက်စီးခဲ့ပြီး အိမ်ခြေ ၄၅ လုံးက အနည်းငယ်ထိခိုက်ခဲ့ကာ အိမ်သာ ၇၅ လုံး (လုံးဝ) ပျက်စီးခဲ့ပါတယ်။

ကာကီရွာစစ်ရှောင်စခန်းမှာတော့ အိမ်ခြေ  ၆၉ လုံး (လုံးဝ) ပျက်စီးခဲ့ပြီး အိမ်သာ ၃၅ လုံး လုံးဝ ပျက်စီးခဲ့ပါတယ်

လက်ရှိ တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာက ရေဘေးသင့် စစ်ရှောင်ပြည်သူတွေဟာ ကျောင်းဆောင်၊ ခန်းမဆောင်၊ လူနေအိမ် စတဲ့နေရာတွေမှာ ယာယီ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...