ကရင်နီစစ်ရှောင်တွေ စားနပ်ရိက္ခာအတွက် ဆန် ချေးငှားစားသုံးမှု လုပ်ဆောင်နေကြရဆဲ

ကရင်နီစစ်ရှောင်တွေ စားနပ်ရိက္ခာအတွက် ဆန် ချေးငှားစားသုံးမှု လုပ်ဆောင်နေကြရဆဲ

ကရင်နီပြည်နဲ့ ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင်လူထုတွေက နေ့စဥ်စားဝတ်နေရေးဖြေရှင်းရာမှာ နီးစပ်ရာ အသိမိတ်ဆွေဆီကနေ ဆန် ချေးငှားစားသုံးမှုတွေ ပြုလုပ်နေကြရဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်လူထုတွေက ပြောပါတယ်။

လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ ဖယ်ခုံမြို့နယ်အတွင်းက နောင်ခိုက် စစ်ဘေးရှောင်စခန်းမှာ စပါးစိုက်ပျိုးကြပေမဲ့ ‌ဖူလုံမှုမရှိတဲ့ စပါးအထွက်နှုန်းကြောင့် ဆန်ချေးစားနေရတယ်လို့ နောင်ခိုက်စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ မိုးဗြဲမြို့ခံ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“တော်တော်များများတော့ စိုက်ကြတယ်။ စိုက်တဲ့လူပဲချေးစားကြတာ။ ဆွေမျိုးနဲ့ လိုက်လုပ်ပြီးကပ်စားတဲ့မျိုးတော့ ရှိတယ်။ သူ့အမျိုးဆီမှာ စပါးချေးတာတို့ ရိတ်သိမ်းပြီးမှပြန်ဆပ်မယ်ဆိုတဲ့ မျိုးတွေပေါ့” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့ကစလို့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေက မိုးဗြဲတောင်သူတွေရဲ့ စပါးခင်းထဲကို ကျရောက်ပေါက်ကွဲတာ ရှိပါတယ်။

ဒါ့ကြောင့် ဒီနှစ်နွေစပါးမရိတ်သိမ်းနိုင်ရင် ဆန်ချေးပြီး စားသောက်ရေးဖြေရှင်းနေရတဲ့ စစ်ရှောင်တွေအတွက် အကြပ်အတည်းပိုဖြစ်လာနိုင်စေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ ရွှင်လန်းစစ်ရှောင်စခန်းက ဒီးမော့ဆိုမြို့ခံ စစ်ဘေးရှောင်တွေလည်း နေရပ်ပြန်ပြီး စိုက်ပျိုးရေးလုပ်ကိုင်လို့မရတာကြောင့် ဆန်၊စပါးအတွက် အလှူရှင်ကိုမှီခိုနေခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

သို့ပေမဲ့ စစ်ရှောင်ကာလ လေးနှစ်ကျော်ကြာလာတဲ့အခါ အလှူရှင်တွေလည်း နည်းပါးလာတာကြောင့် ကြုံရာအလုပ်ကို လုပ်ကိုင်ရင်း ဆန်ဝယ်စားတာအပြင် ချေးစားတာ လုပ်ရင်းနဲ့သာ စားသောက်ရေးကို ဖြေရှင်းကြတယ်လို့ ရွှင်လန်းစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အမြဲတမ်း အကြွေးရှိတယ် ဆိုတဲ့စိတ်နဲ့ပေါ့နော်။ ပိုက်ဆံရလာရင်လည်း အကြွေးဆပ်ဖို့က အဓိကပဲဖြစ်နေတယ်ပေါ့နော်။ အဓိက ဆန် ဆိုတော့လေး အဲ့အတွက် အရင်အကြွေးဆပ်တယ်။ အခြားဟာလည်း လုံလုံလောက်လောက် မဝယ်သုံးနိုင်ဘူးပေါ့နော” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ကရင်နီလူထု ၁၅၀,၀၀၀ ဦး ကို အခြေခံစားနပ်ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ IEC ရဲ့ ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်အတွင်း လုပ်ဆောင်ချက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြေပြင်အခြေနေကို လေ့လာကွင်းဆင်းပြီးမှသာ ရိက္ခာဖြန့်ဝေနေပေမဲ့ စားနပ်ရိက္ခာဖူလုံအောင် တစ်ပြည်နယ်လုံးလွှမ်းခြုံပြီး ထောက်ပံ့နိုင်ခြင်းမရှိသေးဘူးလို့လည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့လူသားချင်းစာနာထောက်ထားမှုနဲ့ ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယာ က ပြောပါတယ်။

“ရိက္ခာအခြေအနေပေါ်မှုတည်ပြီး အနိမ့်ဆုံး လူတစ်ဦးအနည်းဆုံး ဆန် ၄ ပြည် ပေးပါတယ်။ အများဆုံးကတော့ ၆ ပြည်နှင့် ဆီ၊ ဆား ရှိသလို ပံ့ပိုးပါတယ်။ နိုင်ငံတကာစံနှုန်းဆိုရင်‌သော ၈ ပြည်ပေးပါတယ်။ ဒီမှာက ပိုမိုလွမ်းခြုံမှုကို စဉ်းစားနေရတာကြောင့် နိုင်ငံတကာစံနှုန်းအထိသွားဖို့က နိုင်ငံတကာ အကူအညီပိုမိုရမှ ပြည့်မှာ ဖြစ်ပါတယ်” လို့ ခွံမာတီးယာ က ပြောပါတယ်။

စားဝတ်နေရေးအတွက် ဝင်ငွေရနိုင်တဲ့ ဘယ်အလုပ်ကိုမဆို လုပ်ကိုင်ရမှာဖြစ်ပြီး အလှူရှင်ကိုသာ မျှော်လင့်လို့ မရနိုင်တော့ဘူးလို့လည်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည် နဲ့ ဖယ်ခုံမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့လူထုပေါင်း ၃၅၀,၀၀၀ ခန့်ရှိတယ်လို့ IEC က ပြောထားပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...