ရခိုင်တွင် လူမျိုးဘာသာမရွေး ကလေးများ အခမဲ့ပညာသင်နိုင်ရန် ကြိုးပမ်းနေကြ

ရခိုင်တွင် လူမျိုးဘာသာမရွေး ကလေးများ အခမဲ့ပညာသင်နိုင်ရန် ကြိုးပမ်းနေကြ

လင်းရောင်ခြည်ဖောင်ဒေးရှင်း အခမဲ့ ပညာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။

ရခိုင်က စစ်ဘေးရှောင်ကလေးများကို အခမဲ့ ပညာသင်ကြားပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းသည် ယခုစာသင်နှစ်တွင် ကျောင်းတိုးချဲ့ ဖွင့်လှစ်နိုင်ရန် ငွေကြေးနှင့် အခြားအကူအညီများ လိုအပ်နေကြောင်း သိရသည်။

လင်းရောင်ခြည် ဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် နှစ်က ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးများအတွက် စာသင်ကျောင်း ၇ ကျောင်း၊ ကျောင်းသား ၁,၂၀၀ ကျော်ကို စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမ ၁၅၀ ကျော်ဖြင့် ပညာသင်ပေးခဲ့သည်။

ယခုနှစ် ပညာသင်နှစ်တွင် ကျောင်း ၂ ကျောင်းထပ်တိုးပြီး ကျောင်းသား ၁,၅၀၀ အထိ လက်ခံပေးသွားမည် ဖြစ်ကာ ကျောင်းသားများထဲတွင် ရခိုင်၊ ခမီ၊ မရာမာ ဦးရေ ၇၀၀ ၊ မြို ကျောင်းသား ၄၀၀ နှင့် မွတ်ဆလင် ကျောင်းသား ၄၀၀ စာရင်းကို ကောက်ယူထားပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်တွင် ရခိုင်ပြည်တွင်းမှ ရခိုင် မြို၊ ခမီ၊ ကျောင်းသားများကိုသာ ကျောင်းလက်ခံခဲ့ပြီး ယခုနှစ်တွင် မွတ်ဆလင် ကျောင်းသားများကိုပါ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း လင်းရောင်ခြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူကပြောသည်။

ယခုကဲ့သို့ လုပ်ရခြင်းမှာ လူမျိုးဘာသာမရွေး၊ ရခိုင်ပြည်တွင်းက ကလေးများ ပညာတတ်မြောက်စေချင်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်း တည်ထောင်သူ ကိုပြည့်ဖြိုး က ပြောသည်။

လက်ရှိတွင် ကလေးငယ်များကို ပြီးခဲ့သည့် နှစ်ကထက် ထိရောက်သည့် ပညာသင်ကြားပေးနိုင်ရေး အကူအညီများရရှိရန် အတွက် ကမ်ပိန်းလုပ်ပြီး အလှူခံနေသည်ဟု ကိုပြည့်ဖြိုးက ဆိုသည်။

"ကမ်ပိန်းနာမည်က ပညာအလှူဝိုင်းဝန်းကူပါ။ ကမ်ပိန်း တာဂတ်က သိန်း ၁,၅၀၀ ပါ။ ကမ်ပိန်းရဲ့ ရည်ရွယ်ချက်က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်လာကြတဲ့ စစ်ဘေးရှောင် အာရက္ခကျောင်းသား၊ ကျောင်းသူ ၁,၅၀၀ ကို နေရာ ၉ ခုမှာ ပညာအခမဲ့ သင်ကြားပေးသွားဖို့ အစီအစဉ်ပါ။ ပညာသင်ကြားခွင့်ရမယ့် ကျောင်းသူ၊ ကျောင်းသားတွေကတော့ မြို၊ မရာမာ၊ ခမီ၊ မွတ်ဆလင်၊ ရခိုင်တို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ကမ်ပိန်းကို မေလ ၁၄ ရက်ကစတင်ကာ ဇူလိုင် ၁၄ ရက်အထိ နှစ်လတာ ပြုလုပ်နေခြင်းဖြစ်ပြီး ကလေးများ ပညာရေးကဏ္ဍအပြင် ကျန်းမာရေး၊ လူမှုဖုံလုံရေး ကဏ္ဍများကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယခင် ပညာသင်နှစ်က စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ငွေကြေးထောက်ပံ့ ပေးနိုင်ခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ဆရာ/မ တစ်ယောက်ချင်းစီကို တစ်လတွင် ငွေကျပ်ငါးသောင်းစီ ထောက်ပံ့သွားမည်ဟု သိရသည်။

"အလှူရှင်၊ စေတနာရှင်တွေက လှူဒါန်းလိုက်တဲ့ ငွေကို ကျနော်တို့ အာရက္ခဒေသအကျိုးပြုလုပ်ငန်းတွေမှာ ထိရောက်မှန်ကန်အောင် သုံးစွဲသွားပါမယ်။ ကမ်ပိန်းမှာ ပါဝင်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်" ဟု ကိုပြည့်ဖြိုး က ပြောသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းကို ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး၊ အခမဲ့ ပညာသင်ကြားရေး စနစ်ကို ၂၀၂၄ ဩဂုတ်လ အတွင်းက စတင်သင်ကြားခဲ့ကြောင်း သိရသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း အခမဲ့ကျောင်းသည် ဒေသနေ စစ်ဘေးရှောင်ကလေးငယ်များအတွက် အားကိုးရကြောင်း စစ်ဘေးရှောင် ကျောင်းသားမိဘများက ပြောသည်။

"အိမ်မှာ အခက်အခဲတွေ ရှိပါတယ်။ကလေးတွေရဲ့ စာအုပ်တွေ မလုံလောက်တာတွေ ရှိတယ်။ ဖောင်ဒေးရှင်းက စာအုပ်တွေ ပေးပါတယ်။ ကိုယ့်သားသမီးတွေ ကျောင်းမသင်ရဘဲနေရမယ့် အတူတူကို ဒီကျောင်းမှာ သင်ရတော့ စိတ်အားထက်သန်ပြီး ဝမ်းသာပါတယ်" ဟု ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်နေသူ ဦးမြသိန်းက ပြောသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများ စတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်က စတင်ကာ အခြေခံပညာစာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး၊ လေကြောင်းအန္တရာယ်များကြောင့်လည်း ကျောင်းများ ပိတ်ထားဆဲဖြစ်သည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် ကိုယ်ထူ၊ကိုယ်ထ စနစ်ဖြင့် ပညာသင်ကြားရေးကို အာရက္ခတပ်တော်က ပြုလုပ်ခဲ့ပြီး၊ ယခုနှစ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် ပညာရေးစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။

AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...