ကျောက်ဂူဒေသ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်နေပြီး မကြာခဏ ထိုးစစ်ဆင်နေ

ကျောက်ဂူဒေသ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်နေပြီး မကြာခဏ ထိုးစစ်ဆင်နေ

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေပြီး မကြာခဏထိုးစစ်ဆင်နေကြောင်း DPLF က ယမန်နေ့ မေလ (၂၁) ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် မေလ (၂၀) ရက်နေ့ နေ့လည် (၁၂) နာရီမှ ညနေ (၃) နာရီအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး (၄) လုံးနှင့် လက်နက်ကြီး (၂) လုံးဖြင့် ကျောက်ဂူဒေသ လွယ်ဟောင်ရွာနှင့် ဖက်ရင်းကုန်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ပြီး စစ်အင်အားဖြည့်တင်းကာ မကြာခဏ ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

“မနေ့ကထိ ဗုံးတွေလာကြဲတယ်။ဟိုနေ့က လာကြဲတဲ့ အဆိပ်ငွေ့ဗုံးက ရဲဘော်တွေကို တော့မထိလိုက်ဘူး။ အရင်က ကြဲတုန်းကဆို ရဲဘော်တွေထိတယ်။အဆိပ်ငွေ့က တော်တော်ပြင်းတာ။သုံးရက်လောက် ဆေးကုပြီးမှ အဆင်ပြေတာ။ ခုတစ်လောက် စကစ (စစ်ကောင်စီ) က မကြာခဏ ထိုးစစ်တော့ရှိတယ်” ဟု DPLAတပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ထားသော အဆိပ်ငွေ့ဗုံးများ အသုံးပြု၍ စစ်ရာဇဝတ်မှုဥပဒေ ချိုးဖောက်မှုများ မကြာခဏပြုလုပ်လျက်ရှိပြီး နောင်ချိုမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှု မကြာခဏလုပ် ဆောင်နေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ခုတလော ပင်းတယနဲ့ ရပ်စောက်ကြားက ရွာတွေမှာ စစ်ကောင်စီတပ်သားတွေ အင်အားဖြည့်ထားတယ်။ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်။ သူတို့ကို ဆန်တွေ သွားပို့ရတယ်။ ချက်စားစရာ ကြက်တွေလည်း ပေးရတယ်” ဟု ပင်းတယ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသောကြောင့် ပြည်သူများကို စစ်ရေးအရသတိရှိရန်နှင့် လေကြောင်းအန္တရာယ်သတိပြုရန် DPLF က အသိပေးထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီလ (၂၁) ရက် တွင်လည်း စစ်ကောင်စီတပ်နှင့် ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် (DPLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျရှုံးမှုရှိခဲ့ကာ စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း (၃) ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

June 23, 2026
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက...
June 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ...
June 20, 2026
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို...
June 19, 2026
စိုင်းဆိုင်အိုက် — စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့်...