၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှစတင်ခဲ့သည့် ရခိုင်မြို့သိမ်းတိုက်ပွဲမှာ တစ်နှစ်နှင့် ၆ လသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒေသခံ ၅ သိန်းကျော်မှာလည်း နေရပ်စွန့်ခွာနေကြရသည်။
စားဝတ်နေရေး၊ ကျန်းမာရေးစသည့် ဆင်းရဲဒုက္ခကြားထဲ စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်အောက်မှာ ခြုံမှုကင်းမဲ့စွာ ဖြတ်သန်းနေကြရသည်။ စစ်ဘေးရှောင် ၅ သိန်းကျော်မှာ အချို့က စစ်ရှောင်စခန်းထဲ နေထိုင်နေကြကာ အချို့ကတော့ ခိုလှုံရာဒေသများ၌ နေအိမ်ငှာရင်းပြီး နေထိုင်နေကြရသည်။
ရခိုင်မြို့နယ် ၁၄ ခုထိ ဆုံးရှုံးထားသော စစ်ကောင်စီ လေကြောင်းအသုံးပြုကာ အရပ်သားများနေထိုင်ရာ မြို့/ရွာများကို ဦးတည်တိုက်ခိုက်နေ၍ စစ်ဘေးရှောင်များမှာ ရွှေ့ပြောင်းစစ်ရှောင်နေကြရသည်။
ထိုသို့ နေရာအတည်မကျဘဲ ရွှေ့ပြောင်းနေထိုင်နေရခြင်းနှင့်အတူ အိမ်ငှားခ ဈေးနှုန်းများကလည်း အဆမတန်မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ခု ဖြစ်နေကြရသည်။
"ကျောက်တော်ကို ဗုံးနှစ်ရက်ဆက်တိုက်ကြဲတော့ ကျနော်တို့လည်း မနေရဲဘဲ ထွက်လာကြတယ်။ ရွာဘက်မှာ အိမ်တစ်လုံးငှားတာ လေးသိန်းကျော်ထိ တောင်းတယ်။ ကျနော်တို့က စစ်ဘေးရှောင်တွေလေ၊ အဲလောက်ငွေပမာဏတော့ မတတ်နိုင်ဘူး။ အဲဒါကြောင့် ဘုန်းကြီးကျောင်းမှာပဲ အကူအညီတောင်းပြီး နေလိုက်ရတယ်" ဟု ကျောက်တော်မြို့မှ ရွှေ့ပြောင်းလာသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ် အစောပိုင်းကာလတွင် မိသားစု ၅ ဦးနေထိုင်နိုင်သည့် နေအိမ်တစ်လုံးကို ငွေကျပ် ၃ သောင်းမှ ၅ သောင်းဝန်းကျင်သာရှိပြီး ယခုအခါ နေအိမ်တစ်လုံးကို ငွေကျပ် တစ်သိန်းခွဲကနေ ၁၀ သိန်းဝန်းကျင်အထိ မြင့်တက်နေခြင်းဖြစ်သည်။
လက်ရှိကာလ အလုပ်အကိုင်ရှားပါးမှု၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများကလည်း မြင့်တက်နေသည့်အထဲ အိမ်ငှားခဈေးနှုန်းပါ မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များမှာ ကျောတခင်းစာအတွက် နေ့စဉ်တွေးပူနေကြရသည်။
"စစ်ဘေးရှောင်စခန်းတွေမှာ နေရာပြည့်သွားလို့ အိမ်ငှားပြီး နေရတယ်။ အိမ်ငှားခ နှစ်သိန်းပေးရတယ်။ သားသမီးတွေရော ကိုယ်ပါ အလုပ်မရှိဘူး။ သားနှစ်ယောက်ကို ဈေးမှာ ကူလီထမ်းတာဖြစ်ဖြစ် လုပ်ဖို့ အလုပ်ရှာခိုင်းထားတယ်။ စားစရိတ်ကို အသာထား။ အလုပ်မရှိတဲ့ကြားက အိမ်ငှားခ နှစ်သိန်းကို လတိုင်းပေးနေရတော့ ဘယ်လိုတောင့်ခံနိုင်တော့မလဲ" ဟု ကျောက်တော်မြို့တွင် အိမ်ငှားနေထိုင်နေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြေသည်။
လက်တလော နေထိုင်ရေးပြေလည်ရန်အတွက် မရှိမဲ့ရှိမဲစုဆောင်းထားသည့် ရွှေတိုရွှေစအချို့ကို ပေါင်နှံရောင်းချကာ အိမ်ငှားစရိတ်ကို ဖြေရှင်းထားရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ရခိုင်တွင် စစ်ဘေးရှောင်များ ယာယီခိုလှုံရာစခန်းများ လုံလောက်စွာမရှိသဖြင့် အချို့မှာ တောတောင်အနီး လယ်ကွင်းပြင်များ၊ မြေလွတ်များတွင် တဲထိုးနေထိုင်နေကြကာ အချို့မှာလည်း မရှိသည့်ကြားက အိမ်ငှားနေထိုင်နေကြခြင်းဖြစ်သည်။
ထိုကြောင့် စခန်းပြင်ပစစ်ဘေးရှောင်များမှာ အချိန်ကြာမြင့်လာနှင့်အမျှ အိမ်ငှားစရိတ်အတွက် လုံးပန်းမ နိုင်ဖြစ်နေကြပြီး လေကြောင်းပစ်ခတ်မှုကြောင့်လည်း ရွှေ့ပြောင်း စစ်ရှောင်နေကြရသဖြင့် တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်နေရသည်။
"ငွေကြေးအဆင်ပြေတဲ့ မိသားစုတချို့က ဈေးပိုပေးရလည်း အဆင်ပြေနိုင်ပေမယ့် လက်လုပ်လက်စားတွေ ငွေကြေးအဆင်မပြေတဲ့သူတွေမှာ အများကြီး ခက်ခဲသွားတာပေါ့။ ကျောချဖို့ နေရာတစ်ခုအတွက် အများကြီး ပူပန်နေရတယ်" ဟု မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
တစ်ဖက်မှာလည်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့နယ်တို့တွင် အိမ်ပိုင်ရှင်များက အိမ်ငှားခဈေးနှုန်းများကို ဖြစ်ပေါ်လာသည့် အခြေအနေများအား အခွင့်ကောင်းယူကာ ဈေးကစားမှုများလည်း ရှိနေသည်။
DMG ၏ မြေပြင်အချက်အလက်များအရ ပုံမှန်အခြေအနေတွင် ငွေကျပ် တစ်သိန်းကျော်ဖြင့် ငှားရင်း နိုင်မည့် နေအိမ်တစ်ခုလုံးကို လေကြောင်းပစ်ခတ်မှုဖြစ်စဉ်များကြောင့် စစ်ဘေးရှောင်များ ရွှေ့ပြောင်းကြသည်နှင့်တစ်ပြိုင်နက် လူဦးရေအပေါ်မူတည်ပြီး ငွေကျပ် ၃ သိန်းကနေ ၄ သိန်း၊ ၅ သိန်းစဖြင့် ဈေးနှုန်းမြင့်တင်များရှိနေသည်ဟု တွေ့ရှိရသည်။
"စစ်ဘေးရှောင်တွေကို အိမ်လခတွေ အများကြီးတောင်းတာက မဖြစ်သင့်ဘူး။ ကိုယ့်အိမ်မှာကိုယ် နေခွင့်ရနေတဲ့သူတွေအနေနဲ့ အဝေးက စစ်ဘေးရှောင်လာသူတွေကို သင့်တော်တဲ့ဈေးနှုန်းလေးနဲ့ပဲ အိမ်တွေကို ငှားသင့်တယ်။ ရခိုင်တစ်ပြည်လုံးက စစ်ဘေးသင့်နေတဲ့အချိန်မှာ အလုပ်အကိုင်လည်း မရှိတဲ့ကြားက အိမ်လခတွေကို အရမ်းလောဘဇောတက်ပြီး တောင်းနေကြတာက အရမ်းရုပ်ဆိုးလွန်းတယ်၊ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်" ဟု ကျောက်ဖြူမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။
လက်ရှိ ရခိုင်တိုက်ပွဲများသည် မပြီးဆုံးသေးသဖြင့် အိုးအိမ်စွန့်ခွာနေရသူ ၅ သိန်းကျော်တို့၏ အိမ်ပြန်ခရီးမှာလည်း မည်မျှရှည်ကြာမည်ကို မမှန်းဆနိုင်သေးပေ။
ထိုကြောင့် စစ်ဘေးရှောင်များ ရန်ဆိုင်နေကြရသည့် နေထိုင်ရေးပြဿနာအတွက် အိမ်ခဈေးနှုန်းများကို သတ်မှတ်ဈေးတစ်ခုဖြင့် စနစ်တကျစီမံပေးခြင်း သို့မဟုတ် ယာယီခိုလှုံရာစခန်းများ တိုးချဲ့ဆောက်လုပ်သင့်ကြောင်း ရခိုင်ဒေသခံများက ထောက်ပြနေကြသည်။







