ကျုံဒိုးမြို့တွင် လက်ရှိ စစ်ရေးတင်းမာနေပြီး နေ့စဉ် လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနှင့်လေကြောင်းမှ ဗုံးကြဲမှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီက ၎င်းတို့လက်အောက်ရှိ စာသင်ကျောင်းများကို ကျောင်းအပ်လက်ခံ ပြန်ဖွင့်ရန် ဖိအားပေးစေခိုင်းနေသည်ဟု စစ်ရှောင်ကျောင်းသားမိဘများက ပြောသည်။
စစ်ကောင်စီက ကျုံဒိုးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာတစ်ချို့ရှိ စာသင်ကျောင်းများကို မေ ၂၀ ရက်နေ့ နောက်ပိုင်း ကျောင်းအပ်လက်ခံရန်နှင့် ဇွန် ၁ ရက်နေ့တွင် ကျောင်းများပြန်ဖွင့်ရန် ပညာရေးဌာန ဝန်ထမ်းများကို ဖိအားပေး ခိုင်းစေနေသည်ဟု မြို့ပေါ်မှ စစ်ရှောင်နေရသူ ကျောင်းသားမိဘတစ်ဦးက ယခုလိုပြောသည်။
“ကျုံဒိုးဘက်မှာ စကစ ပညာရေး ရွာအုပ်စုမှူးတွေက ဆရာမတွေကို ပြောတာပေါ့။ အဲ့ဆရာမတွေကနေ မိဘတွေကို ပြောလာတာမျိုးလို့ သိရတယ်။ ကျမတို့ အရှေ့ဘက်ကမ်းရွာမှာတော့ ရွာဆရာမက ပြောတာ အခု ၂၂ ရက်နေ့ ကျောင်းသား ကျောင်းအပ်လက်ခံမယ်၊ လကုန် ၁ ရက်နေ့ ကျောင်းစဖွင့်မယ်လို့ သိရတယ်” ဟု ညောင်ရိပ်သာကျေးရွာ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ကျုံဒိုးမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၄ - ၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၁၄ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။
ထိုထဲတွင် တစ်ဝက်ခန့်ဖြစ်သည့် ကျောင်း ၅၈ ကျောင်းသည် စစ်ကောင်စီပညာရေးဌာန လက်အောက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအပြင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၅၄ ကျောင်း ဖွင့်လှစ်ခဲ့သလို KNU၊ ကရင်ပညာရေးဌာန - KECD ကျောင်း ၂ ကျောင်း ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
လက်ရှိ ကျုံးဒိုးမြို့ အနီးဝန်းကျင်တွင် နေ့စဉ်နီးပါး လက်နက်ကြီးပတ်ခတ်သံများ ကြားနေရသလို စစ်ကောင်စီက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား ဗုံးကြဲမှု ပြုလုပ်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ကျောင်းများတွင်လည်း ကျောင်းတက်ရန် ကျောင်းသားမိဘများ စိုးရိမ်နေသလို ကိုယ်ထူကိုယ်ထ ကျောင်းများလည်း ဖွင့်လှစ်ရန် ချိန်ဆနေသည်ဟု ကြားသိရကြောင်း ကျောင်းသားမိဘများက ပြောသည်။







