ဒီကနေ့ မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကား ၁၅ စီးနဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ချင်းတောင်သို့ ချီတက်သွားခဲ့ပြီးနောက် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရဲစခန်းရှိ စစ်ဆေးရေးဂိတ်ကနေ ချင်းတောင်ကို တက်မယ့်ကားအားလုံး ပိတ်ဆို့ထားလိုက်တယ်လို့ ခိုင်ကမ်းဒေသခံများထံမှ သိရှိခဲ့ရပါတယ်။
“မနက် ၄ နာရီလောက်မှာ တောင်ပေါ် စတက်ကြတာ။ စစ်တပ်အင်အားက အနည်းဆုံး ၂၀၀ ရှိလိမ့်မယ်။ ကားနဲ့ပါတဲ့ စစ်သားတွေရှိတယ်။ တောင်ရိုးအတိုင်း ခြေလျင်ချီတက်တဲ့ စစ်သားတွေလည်း ရှိတယ်။ ခိုင်ကမ်းရဲစခန်းကတော့ ချင်းပြည်နယ်ဘက်ကို တက်မယ့်ကားအားလုံး တားပြီးတော့ လမ်းပိတ်ထားတယ်” လို့ ခိုင်ကမ်းဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ကလေး-သိုင်းငင်း လမ်းအတိုင်း ဦးတည်နေကြောင်း၊ လက်ရှိအချိန်ထိတော့ ထိတွေ့တိုက်ပွဲဖြစ်တာ၊ ပစ်ခတ်တာမျိုး မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။
“လေယာဉ်တွေလည်း ပျံဝဲနေတာ တွေ့ရတယ်။ သူတို့ စစ်ကြောင်းကို ဝေဟင်ကနေ ကင်းလှည့်ပေးနေတာမျိုး ဖြစ်မလား မပြောတတ်ဘူး။ ကလေး-တီးတိန် လမ်းမတလျှောက်မှာတော့ ဗုံးကြဲတာမျိုး မရှိသေးဘူး” လို့ ခိုင်ကမ်းဒေသခံတစ်ဦးမှ လက်ရှိအခြေအနေကို သုံးသပ်ခဲ့ပါတယ်။
ဒီကနေ့ (မေလ ၁၉ ရက်နေ့) နေ့လည် ၁၂ ခန့်မှာတော့ တွန်းဇံမြို့ ရဲစခန်းတဝှိုက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။







