ရခိုင်ပြည်က ဟောင်းနွမ်းငွေစက္ကူ ပြဿနာ အထူးကြပ်မတ်ရန် လိုအပ်နေ

ရခိုင်ပြည်က ဟောင်းနွမ်းငွေစက္ကူ ပြဿနာ အထူးကြပ်မတ်ရန် လိုအပ်နေ

အာရက္ခတပ်တော် ထိန်းချုပ်ရာဒေသများတွင် ဟောင်းနွမ်းငွေစက္ကူများ အသုံးမဝင်ခြင်း၊ ငွေကျပ် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်များအား ဈေးဆိုင်ပိုင်ရှင်များက လက်မခံခြင်းအပြင် ဟောင်းနွမ်းငွေ ထက်ဝက်ဈေးလျှော့ကာ ဝယ်ယူမှုများ စသည့် ငွေကြေးပြဿနာများ နေ့စဉ်ရှိနေသည်။

၂၀၂၄ ဇူလိုင်နှင့် အောက်တိုဘာလတို့တွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်များ၌ ဟောင်းနွမ်းငွေစက္ကူများ လက်ခံကြရန်နှင့် လက်မခံပါက အရေးယူမည်ဟု အာရက္ခတပ်တော်က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း မြေပြင်တွင် လက်ရှိအချိန်အထိ ထိရောက်မှုမရှိသည့်အပြင် ငွေစက္ကူအဟောင်းများကို ထက်ဝက်ဈေးလျော့ကာ ဝယ်ယူမှုများမှာ ပြည်သူအားလုံးနစ်နာနေကြောင်း ပြောဆိုသည်။

"ပိုက်ဆံ အဟောင်းတွေရော စုတ်ပြဲနေတာတွေရော စုစုပေါင်း ခုနှစ်သိန်းရှိတယ်။ ဒါကို လာဝယ်တဲ့ သူတွေကို ရောင်းလိုက်တာ သုံးသိန်းခွဲပဲ ရတယ်။ ငါးဆယ်ရာခိုင်နှုန်း ပြန်ရတဲ့သဘောပေါ့" ဟု ကျောက်တော်မြို့နယ်မှ ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ငွေစက္ကူဝယ်ယူသူများမှာ ပြည်မ ဘဏ်များတွင် သွားရောက်လှဲလှယ်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လာနေကြခြင်း ဖြစ်သည်။

ထိုသို့ ငွေစက္ကူအဟောင်းများ လဲလှယ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အရှုံးငွေ မသိသာသော်လည်း ဈေးရောင်းချကာ ဝင်ငွေရှာနေသူများတွင် နစ်နာမှုများစွာ ရှိနေသည်။

"ပိုက်ဆံရှာရတာ ဒီလောက်ခက်ခဲကျပ်တည်းတဲ့ ကာလမှာ ပိုက်ဆံအဟောင်းတွေ အသုံးမဝင်တဲ့ကိစ္စက တော်တော်ဆိုးတယ်။ တစ်မနက်လုံး ကောက်ညှင်းပေါင်း ရောင်းမှ အမြတ်ငွေ တစ်သောင်းတောင်မရှိဘူး။ ဒီကြားထဲ သတိမထားမိလိုက်ဘဲ အစုတ်အပြဲတွေကို ယူလိုက်မိရင် အရှုံးပေါ်ပြီ" ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ကြောင့် ဟောင်းနွမ်းငွေစက္ကူအပြင် ငွေစက္ကူအကြွေလက်ထဲ၌ ရှိနေသည့် ပြည်သူများစွာမှာ နစ်နာမှုများ ရှိနေကြသည်။

ယင်းအပြင် ဟောင်းနွမ်းငွေများကို ပုဂ္ဂလိက စီးပွားရေး သမားဝယ်ယူခြင်းထက် ULA တာဝန်ရှိသူများက တာဝန်ယူ သိမ်းဆည်းပြီး ပြည်သူများကို အသစ်လဲပေးသင့်ကြောင်း ထောက်ပြနေကြသည်။

"ကျနော်ကြုံရတာ ULA ဌာနဆိုင် ဝန်ထမ်းတွေတောင် အဲဒီငွေကို လက်မခံဘူး။ ဆိုတော့ ပိုက်ဆံ အဟောင်းတွေ၊ အစုတ်တွေကို ဝယ်သူတွေ ပေါ်လာတယ်။ ဒါကတော့ တစ်ဖက်က ကောင်းပေမဲ့ ဝယ်တဲ့ပုံစံက ထက်ဝက်ပေး စနစ်ပါ။ စီးပွားရေးဆန်ဆန် လုပ်စားနေကြတာလို့ မြင်တယ်။ တကယ်တမ်း လုပ်ရမှာက ULA အပေါ်မှာ မူတည်တယ်။ ULA ကပဲ ပိုက်ဆံအဟောင်းတွေကို ပြည်သူတွေဆီက ကောက်ယူပြီး အသစ်နဲ့ လဲပေးရမှာပါ" ဟု ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ထောက်ပြသည်။

၂၀၂၃ နိုဝင်ဘာက စတင်ခဲ့သည့် ရခိုင်တိုက်ပွဲနောက်ပိုင်း ရခိုင် မြို့နယ်အများအပြားမှ ဘဏ်များမှာ လည်ပတ်မှု မရှိတော့ဘဲ ရပ်နားထားရသည်။ ထို့ကြောင့် ရခိုင်ဒေသသို့ ငွေသားအသစ်များ မရောက်လာသ၍ လက်ရှိတွင် ငွေကြေးများကို အဆင်ပြေအောင် အားလုံးက အသုံးပြုသင့်ကြောင်း ပြည်သူများက ဆိုသည်။

ထို့အတူ ရခိုင်က ဘဏ်များ ယခုအတိုင်း နောက်သုံးနှစ်လောက်အထိ မလည်ပတ်နိုင်လျင် AA က ငွေကြေး ပြဿနာကို မကြပ်မတ်နိုင်ပါက ပြည်သူများ ဆက်တိုက်နစ်နာလာမည်ဖြစ်ပြီး ငွေကြေးစီးဆင်းမှုအပိုင်းနှင့် လူမှုဘဝများစွာ ဆိုးဝါးလာနိုင်ဖွယ်ရှိကြောင်း ရခိုင်ဘဏ်ဝန်ထမ်း အသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

"ငွေစက္ကူတွေကို သုံးတဲ့အခါမှာ အစိုးရအနေနဲ့ ငွေကြေးတန်ဖိုးကို အာမခံဖို့ လိုတယ်။ တစ်ဘက်မှာ ထုတ်ပြန်တဲ့ အမိန့်တွေကို အသေအချာ လိုက်နာအောင် ဆောင်ရွက်ဖို့လည်း လိုတယ်။ ဒီအတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းရမယ်။ လူထုကို အသိပညာပေးရမယ်။ တစ်ဘက်မှာလည်း ဥပဒေချိုးဖောက်တဲ့ လူတွေကို အရေးယူဖို့လိုတယ်" ဟု ထိုင်းနိုင်ငံတွင် အုပ်ချုပ်ရေးမဟာတန်း တက်ရောက်နေသည့် ရခိုင်လူငယ်တစ်ဦးက ထောက်ပြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် အောက်တိုဘာလတို့တွင် ဟောင်းနွမ်းငွေစက္ကူများအား အသုံးပြုကြရန်နှင့် မသုံးလျှင် အရေးယူမည်ဟု အာရက္ခတပ်တော်က နှစ်ကြိမ်တိုင်တိုင် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း မြေပြင်တွင် ဟောင်းနွမ်းငွေစက္ကူအပြင် ငွေစက္ကူအကြွေများကိုပါ အသုံးမပြုဘဲ ဖြစ်လာနေဆဲဖြစ်သည်။

AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...