တောင်ကြီးတွင် ရေကြီးမှုများ စတင်ဖြစ်ပွား

တောင်ကြီးတွင် ရေကြီးမှုများ စတင်ဖြစ်ပွား
တောင်ကြီးမြို့ မေ ၁၅ ရက် ရေကြီးနေသည့် အခြေအနေ။
တောင်ကြီးမြို့ မေ ၁၅ ရက် ရေကြီးနေသည့် အခြေအနေ။

သျှမ်းပြည် တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး လမ်းသွားလာမှု အခက်အခဲများ ကြုံတွေနေရကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။

ယမန်နေ့ (မေလ ၁၅ ရက်) ညနေပိုင်းတွင်း သျှမ်းပြည် တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်နေပြီး အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်း၊ ကားလမ်းများပေါ်သို့ ရေလျှံခြင်း၊ မော်တော်ကားများနှင့် ဆိုင်ကယ်များပါ ရေနစ်မြုပ်ခြင်းတို့အထိ ဖြစ်ပေါ်နေကြောင်း တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြည်တော်သာနဲ့ ဦးကြီးခမ်းရပ်မှာ တော်တော်ဆိုးတယ်၊ မနေ့က မြစံပယ်တည်းဟိုခန်းဘေးက လမ်းထဲမှာဆို ကားလမ်းလား၊ ရေချောင်းလား မသဲကွဲတော့ဘူး၊ မြောင်းတွေက အကုန်လျှံပြီး ကားတွေ ဆိုင်ကယ်တွေပါ မြုပ်တယ်” ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လူဦးရေထူထပ်လာပြီး၊ လူနေအိမ်ခြေ များပြားလာခြင်း အိမ်ဆောက်သည့်အခါ အိမ်ဝန်းအပြည့် ကွန်ကရစ်ခင်းခြင်းတို့ လုပ်ဆောင်ကြသော်လည်း ကောင်းမွန်သည့်‌ ရေနုတ်မြောင်းစနစ်မရှိခြင်း၊ ရေမြောင်းများအတွင်းသို့ အမှိုက်များ စွန့်ပစ်ခြင်းတို့ကြောင့် ရုတ်တရက်မိုးကြီးသည့်အခါ မြောင်းရေလျှံပြီး ရေကြီးမှုများဖြစ်နေကြောင်း သိရသည်။

“မြောင်းတွေမှာ အမှိုက်တွေပစ်တာ၊ မြောင်းထဲက အမှိုက်တွေဆိုရင်လည်း စည်ပင်ကလာဆယ်ပြီး မသယ်သွားဘူး လမ်းပေါ် ဒီတိုင်းပုံထားခဲ့တယ်၊ အဲ့လိုထားခဲ့တော့ အဲ့အမှိုက်ပုံနေရာကို လူတွေက အမှိုက်ထပ်ပစ်တော့တာ” ဟု မြို့မရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄,၇၀၀ ကျော်မြင့်သည့် တောင်ပေါ်တွင်ရှိသော တောင်ကြီးမြို့သည် ၂၀၂၀ ခုနှစ်က အာဆီယံတွင် အသန့်ရှင်းဆုံးမြို့တော်ဆု “ASEAN Clean Tourist City Standard Award” ဆုရှီခဲ့သော်လည်း ဆုရရှိခဲ့သည့် ၂၀၂၀ ခုနှစ်နောက်ပိုင်းမှစတင်၍ မိုးရာသီရောက်တိုင်း‌ ရေမြောင်းများတွင် အမှိုက်များ ပိတ်ဆို့မှုကြောင့် ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

ထိုအပြင် အဝီစိရေတွင်းတူးဖော်မှု အဆမတန်များပြားလာခြင်းတို့ကြောင့် မြေကျွံသည့် ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း တတ်ကျွမ်းသူအချို့က ဆိုသည်။

“တောင်ကြီးက အဝီစိတွင်းတူးတာများလို့ မြေအောက်မြေကျွံလိမ့်လို့ အင်ဂျင်နီယာတစ်ယောက်က ပြောဖူးတယ်၊ မိုးများပြီးရင် မြေအောက်ရေက တစိမ့်စိမ့်နဲ့ ပြန်ထွက်တယ်၊ ရေစုပ်စက်နဲ့ စုပ်ထုတ်ရတယ်” ဟု တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းအနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ထားပြီး၊ အစိုးရဌာနဆိုင်ရာရုံးများစွာရှိသည့် တောင်ကြီးမြို့သည့် အမြင်တွင် လှပနေသယောင်ရှိသော်လည်း မြို့တော်စီမံခန့်ခွဲမှုစနစ်များ ယိုယွင်းလာမှုကြောင့် တနှစ်ထက်တနှစ် သဘာဝဘေးဒဏ်ကို ပြည်သူများ ပိုမိုခံစားလာရလျက်ရှိသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလက တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကြီးအပါအဝင် အင်းလေး၊ ကလောနှင့် သျှမ်းပြည်တောင်ပိုင်းတကျော မြို့နယ်များစွာ ရေဘေးသင့်မှုကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် အထိအခိုက်ပြင်းထန်ခဲ့သော အင်းလေးဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်နေသည့် ကာလအတွင်း မိုးသည်းထန်မှုကြောင့် ရေမြင့်တက်လာမည့် အန္တရာယ်များကိုလည်း ဒေသခံများ စိုးရိမ်နေရလျက်ရှိသည်။

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...