အပစ်ရပ်သည့်နေ့မှစ၍ စစ်တွေရှိ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးကျည်များ နေ့တိုင်း ရမ်းသန်းပစ်ခတ်နေ

အပစ်ရပ်သည့်နေ့မှစ၍ စစ်တွေရှိ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးကျည်များ နေ့တိုင်း ရမ်းသန်းပစ်ခတ်နေ

စစ်ကောင်စီက အပစ်ရပ်ကြေညာသည့် မေလ ၆ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်ကောင်စီ တပ်ရင်းများက ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ရှိသည့် ကျေးရွာများကို ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"အပစ်ခတ်ရပ်တဲ့နေ့ကနေ လုံးဝရပ်နားတာမရှိဘူး။ ဒရုန်းနဲ့လာပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ အဲလိုမျိုး နေ့တိုင်းပစ်နေတာပါ" ဟု ပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်ရှိ ဝါဘို၊ ခမောင်းတောကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်၊ အိုင်ဒင် စသည့်ကျေးရွာများကို အဓိက ပစ်မှတ်ထား ပစ်ခတ်နေခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

"ဝါဘိုနဲ့ ခမောင်းတောကို ဒရုန်းနဲ့ အဓိက ပစ်ပါတယ်။ လက်နက်ကြီးကျတော့ အတည်မရှိဘူး။ ဟိုတစ်နေ့ကဆိုရင် အိုင်ဒင်နဲ့ ကွမ်းတောင်ကို ပစ်တယ်။ မနေ့ကဆိုရင်လည်း ဝါဘိုဖက်ကိုပစ်တယ်" ဟု ပြောသည်။

အာရက္ခတပ်တော် (AA) ကလည်း မေလတစ်လလုံး အပစ်ရပ်စဲထားသည်ဟု ကြေညာထားပြီး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးအား ရပ်တန့်ထားသည်ဟု ဒေသခံများက ပြောသည်။

သို့သော် အပစ်ရပ်ကာလအတွင်း စစ်ကောင်စီဘက်က ဦးတည်တိုက်ခိုက်လာ၍သာ AA က ခုခံသည့်အနေဖြင့် ပြန်လည်ပစ်ခတ်ရခြင်းမျိုးရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်တွေတွင် ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ)၊ စစ်တွေရေတပ်ဌာနချုပ်၊ ရွှေမင်းဂံနေဗီဆိပ်ကမ်း၊ ရဲရိုးပြင်နှင့် ကြွီတဲကျေးရွာအနီး အ‌ခြေစိုက်ထားသည့် နေရာ၊ ခမရ (၃၄၄)၊ ပါဒလိတ် အမြောက်တပ် စသည့်တပ်ရင်း၊ တပ်ဖွဲ့များအပါအဝင် တခြား တပ်ရင်း၊ တပ်ဖွဲ့များလည်း အခြေစိုက်လျက်ရှိသည်။

စစ်တွေမြို့တွင်ရှိသည့် စစ်ကောင်စီတပ်များက ထိုကဲ့သို့ ပစ်ခတ်မှုများကြောင့် စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ပြည်သူ သုံးသိန်းကျော်ခန့်မှာ တိမ်းရှောင်ထွက်ပြေးနေကြရသည်။

စစ်ကောင်စီသည် မေလ ၆ ရက်မှ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေးကာလ ထပ်တိုးကြောင်း ကြေညာထားသော်လည်း မြေပြင်တွင် ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝရပ်ထားသည် မရှိဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြသည်။

ယမန်နေ့ မေလ ၁၃ ရက်ကလည်း တည်ငြိမ်းအေးချမ်းနေသည့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ (ရွာဟောင်း) ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ ဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...