စစ်ကောင်စီ၏ နျူကလီးယားစီမံကိန်း ဒေသတွင်းနိုင်ငံများ အန္တရာယ်ဖြစ်စေမည်

စစ်ကောင်စီ၏ နျူကလီးယားစီမံကိန်း ဒေသတွင်းနိုင်ငံများ အန္တရာယ်ဖြစ်စေမည်

စစ်ကောင်စီ၏ နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းသည် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်သည့်အတွက် အထူးအလေးထား တုန့်ပြန်ဆောင်ရွက်ကြရန်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒေသတွင်း နိုင်ငံများအား သတိပေးပြောဆိုလိုက်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG က မေလ ၁၃ ရက်နေ့ (ယမန်နေ့) က နှစ်ပတ်တစ်ကြိမ်ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်တွင် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထို့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးနေဘုန်းလတ်က “ဒီလိုလုပ်ရပ်မျိုးတွေဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေသာမက ဒေသတွင်း နိုင်ငံတွေနဲ့ အဲဒီနိုင်ငံတွေရဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုပါ ထိပါးလာနိုင်တဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုနဲ့အတူ တော်လှန်ရေး အင်အားစုတွေနဲ့အတူ ရပ်တည်ပြီး အထူးအလေးထား တုန့်ပြန်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” ဟု ပြောသည်

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြီးခဲ့သည့် မတ်လအတွင်း ရုရှားနိုင်ငံ ခရီးစဉ်တွင် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။

စစ်ကောင်စီက နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပဲခူးတိုင်း အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ် အထူးစီးပွားရေးဇုန်တွင် တည်ဆောက်မည်ဟု ထီးခီး စစ်ရေးအခြေအနေနှင့်ပတ်သက်၍ KNU ကလည်း မေလ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီက နျူကလီးယား စက်ရုံတည်ဆောက်မည့် အခြေအနေကြောင့် ဒေသတွင်း ပြည်သူများနှင့် ထိုင်းနိုင်ငံ ပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ် ကင်းရှင်းမှုနှင့် ကောင်းမွန်သော ဘဝနေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်မိသည်ဟု KNU က ပြောသည်။

စစ်ခေါင်းဆောင်၏ လုပ်ရပ်နှင့်ပတ်သက်၍ ဦးနေဘုန်းလတ်က  “အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲရေးတစ်ခုသာ ရှေ့ရှု့ပြီး ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာတွေကို ထင်သလို အသုံးပြုနေသလို အချို့သော နိုင်ငံတွေနဲ့ နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း စတဲ့ လုပ်ငန်းစာချုပ်တွေချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမြော်အမြင်ကင်းမဲ့စွာ အသုံးချလျက်ရှိနေပါတယ်” ဟု ပြောသည်။

အဆိုပါ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရှရှားနိုင်ငံက တည်ဆောက်ပေးမည်ဖြစ်ပြီး မဂ္ဂါဝပ် ၁၁၀ အသေးစား နျူးကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ စွမ်းဆောင်ရည် ထပ်မံ တိုးချဲ့နိုင်ရန်လည်း သဘောတူညီခဲ့ကြသည်ဟု ရှရှားသတင်းဌာနများ၏ သတင်းဖော်ပြချက်များအရ သိရသည်။

ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး မျိုးသိန်းကျော်တို့က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် အဏုမြူနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ် ကင်းရှင်းရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

အာဆီယံ ၁၀ နိုင်ငံက ၁၉၉၅ ခုနှစ်မှာ နျူးကလီးယားလက်နက် ကင်းမဲ့ဇုန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားကြပြီး ထိုသဘောတူညီချက်ကို ဘန်ကောက် သဘောတူညီချက် Bangkok Treaty ဟု ခေါ်သည်။

Most read this week

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...