မော်ချီးကို လေကြောင်းဗုံကြဲမှုကြောင့် အရပ်သားနှစ်ဦး ထိမှန်သေဆုံး

မော်ချီးကို လေကြောင်းဗုံကြဲမှုကြောင့် အရပ်သားနှစ်ဦး ထိမှန်သေဆုံး

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ထပ်မံ လေကြောင်းဗုံးကြဲခဲ့ပြီး အရပ်သားနှစ်ဦး ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC) ၊ အတွင်းရေးမှူး – ၂ ဦးဗညားက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ဒီကနေ့ မေလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်မှာ မော်ချီးဒေသရဲ့ နေရာသုံးခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

“သုံးနေရာလောက် လာကြဲသွားတယ် အသေအပျောက်ရှိတယ်ကတော့ အကြမ်းဖျင်းပြောလို့ရတယ်။ အနည်းဆုံး ပြည်သူနှစ်ဦး သေဆုံးတယ်ဆိုတာတော့ ပြောလို့ရတယ် ထိခိုက်ဒဏ်ရာရမှုလည်း ရှိပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရှိရပါတယ်။ တခြားသေဆုံးထိခိုက်မှု အခြေအနေ နဲ့ လူဦးရေစာရင်းကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ မေးမြန်းနေဆဲဖြစ်ပါတယ်။

”လေယာဉ်လာကြဲသွားတာ လာတာအသံက မကြားလိုက်ဘူး ကြဲတာ အသံက အကျယ်ကြီးပဲ ပြန်တက်မှ လေယာဉ်အသံကြားတော့ ကြဲတဲ့နေရာလှမ်းမြင်တယ်။ လေယာဉ်လာကြဲတော့ အသံက ကျယ်ကြီးဘဲ။ အဲ့တော့ လန့်တာပေါ့ ကြောက်လည်း ကြောက်တယ်” လို့ လေကြောင်းဗုံးကြဲမှုကို ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

စစ်ကောင်စီက မော်ချီးဒေသကို ယခုတစ်ကြိမ် အပါအဝင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ၄ ကြိမ်ခန့် ရှိနေပြီဖြစ်ပါတယ်။

၂၀၂၅ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ တစ်ကြိမ်၊ ဧပြီ ၂၄ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ တစ်ကြိမ်၊ မေလ ၁၀ ရက်နေ့မှာ တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

မော်ချီးဒေသကို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုရှိနေတာကြောင့် လုံခြုံရေးအရ Star Link အင်တာနက်ပိတ်ထားဖို့ နဲ့ လူစုလူဝေး၊ ပွဲလမ်းသဘင်၊ ဘာသာရေးပွဲတွေကို ခွင့်မပြုကြောင်း၊ ကျေးရွာနဲ့ ရပ်ကွက်တွေအတွင်းကို ည ၈ နာရီ နောက်ပိုင်း အကြောင်းမဲ့ ဖြတ်သန်းသွားလာခွင့် မပြုကြောင်းအပါအဝင် လိုက်နာရမယ့် အချက် ၈ ချက်ကို လိုပွာခိုခရိုင် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

စစ်ကောင်စီက ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ဆိုပြီး မေလ ၆ ရက်နေ့ကနေ မေလကုန်ထိ အပစ်ရပ်ကာလ ထပ်တိုး ကြေညာထားပေမယ့် နိုင်ငံတစ်ဝှမ်းမှာ ဗုံးကြဲတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးတာတွေကိုလည်း လုပ်ဆောင်လျက်ရှိနေတာပါ။

အပစ်ရပ်ကြေညာပြီး နောက်တစ်နေ့ မေလ ၇ ရက်နေ့မှာလည်း ဒီးမော့ဆို အနောက်ခြမ်းတစ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...