ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ

ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ

ရခိုင်ဒေသတွင် ယခုနှစ် (၂၀၂၅) ယနေ့အချိန်ထိ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် သေဆုံးဒဏ်ရာရသူ ၇၁ ဦး အထိရှိပြီး ယင်းအထဲက လူနာအချို့မှာ ဆေးကုသရန်နှင့် အခြားမိသားစု စားဝတ်နေရေး အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်အနှံ့က နေရပ်ပြန်လာသည့် ဒေသခံများမှာ စစ်ကျန်မိုင်းအန္တရာယ်ကို ရင်ဆိုင်နေရပြီး မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသွားသည့် လူနာများမှာလည်း နောက်ဆက်တွဲ ဆေးကုသမှုခံယူရာတွင် ငွေကြေး အခက်အခဲများရှိနေကြောင်း သိရသည်။

"စားသောက်ဖို့ မရှိလို့ ဟင်းရှာ၊ ထင်းခုတ်သွားတာ မိုင်းပေါက်ပြီး ထိခိုက်ဒဏ်ရာရတော့ အခက်အခဲ ဖြစ်ကြတာပေါ့ဗျာ။ ဒေသတွင်း ကျနော်တို့ လူမှုကူညီရေးလုပ်တဲ့သူတွေက တစွန်းတစ ကူညီပေးပေမဲ့ ဆေးကုသဖို့ရော၊ မိသားစု စားဝတ်နေရေးအတွက်ပါ သူတို့မှာ လိုအပ်ချက်တွေ အခက်အခဲတွေ တပုံကြီးရှိနေကြတာ" ဟု လူမှုကူညီရေးလုပ်နေသူ တောက်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလကနေ ယနေ့အချိန်ထိ တောင်ကုတ်မြို့နယ်တွင် မိုင်းထိ၍ ဒဏ်ရာရသူ ၁၉ ဦး အထိရှိနေပြီး ဒေသခံအများစုမှာ တိုက်ပွဲဖြစ်နေရာနှင့် စစ်ကောင်စီတပ်ရင်း၊ တပ်မများအနီးသို့ ထင်းခုတ်၊ ဟင်းရှာသွားသူများဖြစ်ကြကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။

ရခိုင်က အလုပ်အကိုင်ရှားပါးသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ စစ်ကျန်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများရှိပြီး မိသားစုစားဝတ်နေရေးနှင့် ဆေးဝါးကုသရန် အခက်အခဲတို့ကို ရင်ဆိုင်နေကြရသည်။

"ဂွဘက်မှာတော့ HDCO နဲ့ အရပ်ဖက်အဖွဲ့အစည်းကတော့ ကူညီပေးကြပါတယ်။ အခု ကုသဆဲ လူနာတွေလည်း ရှိတယ်။ အခက်အခဲတွေကတော့ ရှိနေတုန်းပါ" ဟု ဂွမြို့နယ်မှ လူမှုကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့သည့် နေရာများနှင့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာများတွင် စစ်ဘေးရှောင်များ ပြန်လည်ဝင်ရောက်နေထိုင်ရာတွင် မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ရှိနေသည်။

ယင်းအပြင် မိုင်းပေါက်ကွဲမှုကြောင့် ဆေးဝါးကုသရာတွင် အခက်အခဲအမျိုးမျိုးကြောင့် အသက်သေဆုံးခဲ့ရသူများလည်း ရှိသည်။

"ကျနော်တို့ ရွှေဇားရွာမှာ ကလေးတစ်ယောက် အိမ်ထဲမှာ မိုင်းနင်းမိတယ်။ သူ့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆေးကုသဖို့ ဆိုပြီးသွားကြတယ်။ အဲဒီမှာ မသွားလိုက်ရဘဲ ပြန်လာရတယ်။ ဆေးလည်း မကုရဘဲ ပြန်လာရတော့ ကလေးက အသက်မရှင်လိုက်ဘူး" ဟု မောင်တောမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တွင် အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုအထိကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မိုင်းရှင်းလင်းရေးများလုပ်ကာ ဒေသခံများ နေရပ်ပြန်နိုင်ရေးနှင့် နေရာချထားရေးတို့ကို ဆောက်ရွက်လျှက်ရှိသော်လည်း ဒေသခံများမှာ မိုင်းအန္တရာယ်ကို ရင်ဆိုင်နေရဆဲဖြစ်သည်။

DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ မေ ၉ ရက်အထိ မြို့နယ်အနှံ့တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် ကလေးသူငယ်များ အပါအဝင် သေဆုံး ဒဏ်ရာရသူ ၇၁ ဦးအထိ ရှိလာနေသည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...