ဒီးမော့ဆိုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အဆိပ်ငွေ့ဗုံးပါ အသုံးပြုနေတယ်လို့ ဒေသခံတွေပြော

ဒီးမော့ဆိုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အဆိပ်ငွေ့ဗုံးပါ အသုံးပြုနေတယ်လို့ ဒေသခံတွေပြော

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကို မေလ ၆ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ပြီး အဆိပ်ငွေ့ဗုံးပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ည ၁၁ ကျော် အချိန်မှာ မိနစ် ၂၀ တစ်ခါခြားပြီး နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေ ပြောကြားချက်အရ ဗုံးအလုံးရေ ၁၀ ဝန်းကျင် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရှိရာနေရာ အနီးအနားနဲ့ တောင်ယာစိုက်ခင်းတွေမှာ ကျရောက်ခဲ့တာကြောင့် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

“လေယာဥ်သံကြားတော့ ကျမထွက်လာတယ်၊ ထွက်လာတော့ ရပ်နေရင်း တစ်လုံးပစ်ချတယ်၊ ပေါင် ၅၀၀ ဗုံး၊ အဲ့တော့ ကျမထပ်အော်လိုက်တာ အမိုးရေ ထွက်ထွက် ၊ အမရေ ထွက်ထွက် လေယာဥ်လာတယ်ဆိုပြီးတော့ ဗုံးခိုကျင်းထဲ ပြေးဝင်ခိုင်းတာ လေယာဥ်ပြန်ပြီထင်တာ ထွက်လာတော့ နောက်တစ်ချက်ထပ်လာပြန်တယ်” လို့ လေကြောင်း ဗုံးကြဲတဲ့နေရာအနီးအနားက ဒေသခံအမျိုးသမီတစ်ဦးက ဖြစ်စဉ်ကို ပြောပါတယ်။

ဗုံးကြဲပြီးနောက်မှာ အငွေ့ကို ရှူရှိုက်မိတဲ့ ဒေသခံတွေကတော့ ခန္ဓာကိုယ်နှုံးတာ၊ မူးဝေတာ၊ အော့အန်တာ စတဲ့လက္ခဏာ ခံစားရတာကြောင့် အဆိပ်ငွေ့ရှူရှိုက်မိတာဖြစ်နိုင်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ခေါင်းမူးပြီးတော့ အန်ချင်သလိုတော့ဖြစ်တယ်။ နှလုံးကလည်း တအားဆောင့်တက်နေတော့ ကျမတို့ကိုယ့်ကို ထိန်းလိုက်ရတယ်၊ အခုထိ မူးနေသေးတယ်” လို့ သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက မကြာခဏ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

”ပြည်သူအနေနဲ့ဆိုတော့ ဒီလို ဗုံးလာကြဲတာဟာ မတရားဘူးပေါ့၊ ကျနော်တို့လည်း လက်လုပ်လက်စားပဲကော၊ တောင်ယာ၊ ပဲတွေ ဘဲ လုပ်စားတယ်။ ပြည်သူတွေအနေနဲ့ ရိုးရိုးသားသား လုပ်စားနေကြတာပေါ့။ အဲ့လိုမျိုး လာပြီး ဗုံးလာကြဲတော့ ကျနော်တို့လည်း စိတ်မကောင်းဘူး ဖြစ်တာပေါ့” လို့ ကျေးရွာဥက္ကဌတစ်ဦးက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးကြောင်း ကြေညာတဲ့ရက်မှာပဲ ကရင်နီပြည်ကို အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...
June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...