အပစ်ခတ်ရပ်ကြောင်း ထုတ်ပြန်သည့်နေ့ စစ်ကောင်စီက ကျောက်ဖြူတွင် အသေခံဒရုန်းဖြင့် ပစ်ခတ်၍ ရွာနှစ်ရွာ မီးလောင်

အပစ်ခတ်ရပ်ကြောင်း ထုတ်ပြန်သည့်နေ့ စစ်ကောင်စီက ကျောက်ဖြူတွင် အသေခံဒရုန်းဖြင့် ပစ်ခတ်၍ ရွာနှစ်ရွာ မီးလောင်

စစ်ကောင်စီမှ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်သည့် ယမန်နေ့တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်က အသေခံဒရုန်းနှင့်လက်နက် နှစ်မျိုးလုံးဖြင့် ပစ်ခတ်၍ ရွာနှစ်ရွာ မီးလောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်သွားသည့်ရွာနှစ်ရွာမှာ ကျောက်ဖြူမြို့နယ်၊ အချွန်းရွာနှင့် သပြုတောင်ရွာတို့ဖြစ်ကြသည်။

ယမန်နေ့ မေလ ၆ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်က အသေခံဒရုန်းအပြင် လက်နက်ကြီးကျည်များဖြင့် အဆိုပါကျေးရွာများကို ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့က ညနေ ၃ နာရီကနေ ၄ နာရီကြားပစ်ခတ်ခဲ့တဲ့အချိန်မှာ ကျရောက်ခဲ့တာ။ နေအိမ်တွေမီးလောင်ခဲ့တယ်။ လူအထိအခိုက်မသိရသေးဘူး" ဟု ပြောသည်။

နေအိမ်မီးလောင်သည့်အရေအတွက်နှင့် လူအသေအပျောက်ကို နိရဉ္စရာက ဆက်လက်စုံစမ်းဆဲဖြစ်သည်။

အဆိုပါကျေးရွာများတွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိသည့်အပြင် အပစ်ခတ် တစ်လတိုးမြှင့်ရပ်စဲကြောင်းထုတ်ပြန်ထားချိန်တွင် စစ်ကောင်စီဖက်က တစ်ဖက်သတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သူတို့ကတိကဝတ်ကို သူတို့ကိုယ်တိုင်ချိုးဖောက်ရာရောက်သည်ဟု

အာရက္ခတပ်တော် (AA) နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့ကပဲထုတ်ပြန်တယ်။ ထုတ်ပြန်တဲ့နေ့ လက်နက်ပစ်တယ်။ အဲဒါ စစ်ကောင်စီရဲ့လုပ်ရပ်ပဲ။ အပြောနဲ့အလုပ်မညီဘူး။ ကလေးကလားဆန်တဲ့လုပ်ရပ်ဖြစ်တယ်" ဟု ပြောသည်။

စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကာလကို မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ တစ်လထပ်မံတိုးမြှင့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကျောက်ဖြူတွင် အမှတ် (၃၂) ရဲတပ်ရင်းလည်း AA ၏ ဝိုင်းရံပိတ်ဆို့ခြင်းကိုခံထားရပြီး ဓညဝတီရေတပ်ဌာနချုပ်အနီးတွင်လည်း စစ်ရေးတင်းမာမှုလည်းရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏နောက်‌ဆုံးလက်ကျန်ဖြစ်သည့် စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူမြို့အနက် တရုတ်စီမံကိန်းများတည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ အင်အားဖြည့်တင်ခြင်းနှင့် စစ်ကြောင်းထိုးမှုများကြောင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲများလည်းရှိနေကြောင်း သိရသည်။

March 14, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်မှ မိုင်းထိ၍ ခြေထောက်ဖြတ်လိုက်ရသူများအနေဖြင့် ခြေတုနှင့်...
March 13, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်း၊...
March 12, 2026
တိုက်ပွဲများကြောင့်ကျောက်ဖြူကနေ ပြည်မကိုစစ်ဘေးရှောင်သွားကြသော ဝန်ထမ်းများနှင့်မိသားစုများကို...
March 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်မြို့တော် စစ်တွေမြို့ထဲတွင်ကျရောက်ရောက်ခဲ့သည့် လက်နက်ကြီးကျည်များအထဲမှ...