မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်ကားဝင်ထွက်ခွင့်ရရန် စည်ပင်နှင့် ကညနထံ တုံကင်ဝယ်ရ

မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်ကားဝင်ထွက်ခွင့်ရရန် စည်ပင်နှင့် ကညနထံ တုံကင်ဝယ်ရ
မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် တွေ့ရသည့် သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်များ။
မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် တွေ့ရသည့် သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်များ။

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်တင် ကုန်ကားများ ဝင်/ထွက်ခွင့်ရရန် စစ်ကောင်စီလက်အောက်ခံ စည်ပင်နှင့် ကညနထံသို့ တုံကင်ဝယ်ယူနေရကြောင်း စုံစမ်းသိရသည်။

မေလ ပထမပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူနယ်စပ်ဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဝန်ထမ်းများ အပြောင်းအလဲပြုလုပ်ခြင်းကြောင့် မေလ ၁ ရက်မှ ၅ ရက်အတွင်း အိမ်စီးကားများကို နယ်စပ်ဝင်/ထွက်သွားလာခွင့် ယာယီတားမြစ်ခဲ့သည်။

ယမန်နေ့ မေလ ၆ ရက်တွင် ဆင်ဖြူဂိတ်၌ အိမ်စီးကားများကို နယ်စပ်အဝင်/အထွက် ပြန်လည်ခွင့်ပြုပေးခဲ့သော်လည်း အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် သယ်ဆောင်သည့် Hiace အံစာတုံးကားများမှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ကညနထံသို့ တုံကင်ဝယ်ယူနေရကြောင်း ကုန်သည်များက ပြောသည်။

“ဒီနေ့ကတော့ အိမ်စီးကားလည်း ပြန်ပေးဖြတ်ပြီ၊ ဆီစာအုပ်လည်း စစ်တယ်။ သူတို့ ကတ်ထုတ်ပေးတဲ့ အံစာတုံး Hiace ကားတွေတော့ ပေးဝင်တယ်။ အဲ့တာကို ကညန၊ ပို့ဆက်နဲ့ စည်ပင်က အလှည့်ရောင်းတာ။ ကုန်ကား အစီး ၂၀ ဝင်ခွင့်ရရင် ၁၀ စီးစာက သူတို့တုံကင် ကြိုရောင်းပြီးသား။ စည်ပင်ကို ယွမ် ၂၀၀၊ ပို့ဆက်ကို ယွမ် ၂၀၀ အဲ့လိုပေးဝယ်ရတယ်” ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က မူဆယ်မြို့နယ် ဆင်ဖြူဂိတ်တွင် စားသောက်ကုန် သယ်ယူခွင့်အတွက် ကားအစီးရေ (၅၀) ခွင့်ပြုခဲ့သော်လည်း ယခုအခါ တရုတ်ဘက်မှ အစီး (၂၀) ၊ မြန်မာဘက်မှ အစီး (၂၀) ခွင့်ပြုထားရာ မြန်မာဘက်မှ ရရှိသည့် ခွဲတမ်းကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက အလှည့်ကျော် ဝင်ရောက်လိုသူများထံ ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းဆင်ဖြူဂိတ်မှ အံစာတုံးကားဖြင့် စားသောက်ကုန် တင်ဆောင်လာပါက ကားတစ်စီးလျှင် အသားတင်ငွေ တရုတ်ယွမ် ၁၂၀၀ မှ ၁၆၀၀ အထိသာ ကျန်ရှိပြီး ၎င်းထဲမှ သုံးပုံတစ်ပုံခန့်ဖြစ်သည့် တရုတ်ယွမ်ငွေ ၄၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၂ သိန်းခွဲခန့်) ကို စစ်ကောင်စီဝန်ထမ်းများထံ ကုန်ကား ဝင်/ထွက်ခွင့်ရရန် ပေးဆောင်ရကြောင်း ကုန်သည်များက ပြောသည်။

“အကောက်ခွန်တွေ တစ်လပြီးတစ်လ ဂျူတီချိန်းတော့ ခဏ အဝင်အထွက် ခက်သွားတာ။ ဒီလထပ်ရောက်တဲ့ Custom က နဲနဲကြမ်းတယ်၊ ပြီးခဲ့တဲ့ ၄-၅ ရက်က အိမ်စီးကားတွေ ပေးမဝင်ဘူး။ ဖြတ်ဖို့က ဆိုင်ကယ်ကော၊ ကားကော တုံကင် ယူရတာ။ ဆိုင်ကယ်ဆို တစ်ရက်ကို အစီးရေ ၂၀၀၊ ကုန်ကားကျတော့ တစ်ရက်ကို အစီးရေ ၄၀။ ဒါက တရုတ်ဘက်ကော မြန်မာဘက်ကော ပေါင်းပြီး ခွင့်ပြုထားတာ” ဟု ၎င်းကုန်သည် အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများမှ လွဲ၍ စားသောက်ကုန်များကို တပိုင်တနိုင် သယ်ဆောင်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး မူဆယ်မြို့နယ် မန်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ် နှစ်ပြည်တစ်ရွာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာ ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက် ၁၉ ရွာ အိမ်ထောင်စု (ဢိူင်ႇ 19 ဝၢၼ်ႈ) များသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အစိမ်း ပြုလုပ်၍ ဖြတ်သန်းသွားလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...