ဒုက္ခသည်စခန်းက ကိုယ်ဝန်ဆောာင်မိခင်နဲ့ ကလေးငယ်တွေရရှိနေတဲ့ အာဟာရဖြည့်စွက်စာကို လျှော့ချခံရမှာ စိုးရိမ်

ဒုက္ခသည်စခန်းက ကိုယ်ဝန်ဆောာင်မိခင်နဲ့ ကလေးငယ်တွေရရှိနေတဲ့ အာဟာရဖြည့်စွက်စာကို လျှော့ချခံရမှာ စိုးရိမ်

ထိုင်း – မြန်မာနယ်စပ်၊ ကရင်နီဒုက္ခသည်စခန်းအမှတ် – ၂ (ဘန့်မယ်စူရင်း) မှာ စားနပ်ရိက္ခာထောက်ပံ့မှု ၈၀ ရာခိုင်နှုန်း လျော့ချတာကို ရင်ဆိုင်နေရပြီး နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်၊ မီးဖွားပြီးစ မိခင်တွေနဲ့ ကလေးငယ်တွေရရှိနေတဲ့ အာဟာရဖြည့်စွက်စာတွေ အပြည့်အဝ မရတော့မှာကို စိုးရိမ်နေကြပါတယ်။

ဒုက္ခသည်လူထုတွေကို အဓိက စားနပ်ရိက္ခာပံ့ပိုးပေးနေတဲ့ TBC (the border consortium) ရဲ့ ရိက္ခာ အပြည့်အဝ ထောက်ပံ့မှုအစီအစဉ်ကို ဧပြီလကနေ ဇူလိုင်လအထိ ၄ လ ရပ်ဆိုင်းထားတာပါ။

လက်ရှိမှာတော့ ကိုယ်ဝန်ဆောင်မိခင်၊ မီးဖွားပြီးမိခင် နဲ့ ကလေးငယ်တွေအတွက် အာဟာရဖြည့်စွက်စာ ထောက်ပံ့မှု ရပ်ဆိုင်းထားတဲ့အထဲ မပါဝင်ပေမယ့် ရေရှည်မှာ ထောက်ပံ့မှု ရပ်ဆိုင်းသွားမှာကို စိုးရိမ်တယ်လို့ ကရင်နီဒုက္ခသည်စခန်း - ၂ (ဘန့်မယ်စူရင်း) က မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်ပိုင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာမ နဲမယ်က ပြောပါတယ်။

“လာမယ့်ရှေ့ဆက်မှာ ရှိလာနိုင်မလား အဲ့လိုထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အာဟာချို့တဲ့တဲ့ ကလေးထဲမှာ ဆေးခန်းမှာကျ ၃ယောက်ရှိတယ်လေ။ ရှေ့ဆက်မှာပိုများလာမလား စိုးရိမ်တယ်လေ စိတ်ပူတယ်။ ကျမတို့စခန်းက မြို့နဲ့မနီးဘူး ဝေးတယ် လမ်းလည်းမကောင်းဘူး။ နောက်ပြီး အစားအစာလည်း မပြည့်စုံဘူးပေါ့။ အဲ့လိုဆိုတော့ ကျမတို့အဲ့တခုစိုးရိမ်တယ်” လို့ ဆရာမ နဲမယ်က ပြောပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီးစ မိခင်တွေကို ပဲ၊ ဆီ အပြင် တခြားသော ဝန်ဆောင်မှု၊ အသက် ၆ လနဲ့ ၂ နှစ်အရွယ်ထိကို အာဟာရဖြည့်စွက်စာ ပုံမှန်ပေးဝေနေတာရှိပါတယ်။

ဒုက္ခသည်စခန်းက လူထုတွေဟာ ဝင်ငွေရတဲ့ ပုံမှန် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်မရှိသလို စခန်းပြင်ပကို ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့်မရှိပါဘူး။

ငွေကြေးခက်ခဲမှုကြောင့် လုံလောက်တဲ့ အစာအာဟာရကို ဝယ်ယူမစားသုံးနိုင်တဲ့သူ များပြားတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေဟာ လုံလောက်တဲ့ အစာအာဟာရကို မစားသုံးနိုင်ပါက အာဟာရချို့တဲ့ လက္ခဏာဖြစ်တဲ့ ကလေးငယ်ကြီးထွားမှု နှောင့်နှေးတာ၊ ကိုယ်ခံအားနည်းတာ၊ ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးတာ၊ ကိုယ်အလေးချိန်အားနည်းတာတွေ ဖြစ်လာနိုင်တယ်လို့ ကရင်နီပြည်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အာဟာရကို လုံလုံလောက်လောက်စားသုံးဖို့တော့ လိုတယ်။ ဘာလို့လဲဆိုရင် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုအလုံးစုံက မိခင်ရဲ့ စားသောက်မှု၊ နေထိုင်မှုပုံစံကနေလည်း လာတယ်ပေါ့နော။ ဆိုတော့ မိခင်ရဲ့အပြုအမူ စားသောက်မှုပုံစံတွေက ကလေးအပေါ် တိုက်ခိုက်အကျိုးသက်ရောက်မှုရှိတယ်။ ကလေးမွေးလာရင်လည်း ပေါင်မပြည့်၊ လမစေ့ စောစောမွေးတာတို့ဖြစ်တတ်တယ်။ ကလေးမွေးပြီးခါစ မိခင်လည်း အစားစုံအောင် စားရမယ်တယ်။ အဲ့လိုမဟုတ်ရင်တော့ ကလေးက ပုံမှန်ဖွံ့ဖြိုးမှုထက် နောက်ကျတာလည်းရှိနိုင်တယ်” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေဟာ ဓာတ်ဖြည့်စာ၊ ဗီတာမင်ဓာတ်၊ နို့နဲ့ နို့ထွက်အစားအစာကို ပုံမှန်စားသောက်ပေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်နီဒုက္ခသည်စခန်း ၂ ရဲ့ ကျန်းမာရေးဆေးခန်း စာရင်းအရ ကိုယ်ဝန်ဆောင်မိခင်နဲ့ မီးဖွားပြီးစ ကလေးငယ် ဦးရေ ၈၀ ဝန်းကျင်ရှိပါတယ်။

အမေရိကန်သမ္မတအပြောင်းအလဲကြောင့် ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အသုံးစရိတ် ရပ်ဆိုင်းလိုက်ပြီး နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း အများစုကို ယာယီရပ်ဆိုင်းထားတာကြောင့်လည်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်းနေ လူထုတွေဟာ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...