သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းဝ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည့်နောက် နှစ်ဖက်အခြေအနေ တင်းမာနေ

သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းဝ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည့်နောက် နှစ်ဖက်အခြေအနေ တင်းမာနေ

မွန်ပြည်နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းဝ စစ်ဆေးရေးဂိတ်ကို ရာမညစစ်ကြောင်းမှ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နောက် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာလာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံတို့ စိုးရိမ်နေကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်ရက်တွင် အဆိုပါ သံဖြူဇရပ်- ဘုရားသုံးဆူ- ရေးလမ်းဆုံဂိတ်ကို စစ်သင်တန်းဆင်းတပ်သား တစ်ဒါစင်ခန့်ဖြင့် အင်အားဖြည့်တင်းထားသည့်အပြင် သံဖြူဇရပ်မြို့နယ် ဝဲကလီရွာ အမြောက်တပ်၊ မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းနှင့် ရေးလမ်းမကြီးပေါ်ရှိ ခမရ ၅၈၆ ဆီသို့လည်း စစ်တပ်သုံးယာဉ်ကြီးများဖြင့် စစ်ပစ္စည်းကိရိယာများ နေ့စဉ်သယ်ဆောင်နေကြောင်း မော်လမြိုင်-ရေး လမ်းပိုင်းကို အသုံးပြုသွားလာနေသည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

”သံဖြူဇရပ်အဝင်အထွက်လမ်းတွေမှာ သူတို့ (စကစ) က လုံခြုံရေးတိုးထားတယ်။ အဲဒီကကျော်လာတော့ သူတို့စစ်ကားတွေသွားလာနေတာ တွေ့တယ်။ ကုန်ပေါ်ရွာ၊ အယုတောင်ကနေထွက်တဲ့လမ်းဘက်မှာလည်းအင်အားတွေဖြည့်ထားတာ ရှိတယ်။ ရေးမြို့အဝင်မှာလည်း လုံခြုံရေးတိုးထားတယ်” ဟု ယာဉ်မောင်းက ပြောသည်။

တစ်ဖက် တော်လှန်ရေးအဖွဲ့များဖြစ်သည့် ရာမညစစ်ကြောင်းအင်အားစု၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် အခြားတော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှလည်း သံဖြူဇရပ်-ရေး နယ်နိမိတ်အတွင်း လှုပ်ရှားသွားလာမှု ပိုမိုလုပ်ဆောင်လာပြီး စစ်ကောင်စီအဖွဲ့တို့ကို တုံ့ပြန်နိုင်ရန် ပြင်ဆင်လျှက်ရှိသည်။

လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမှုများ မရှိသေးသော်လည်း နှစ်ဖက်စစ်အင်အား ဖြည့်တင်းလာမှုကြောင့် စစ်ရေးအရှိန် မြင့်တက်လာနိုင်ကြောင်းလည်း တော်လှန်ရေးအင်အားစုတို့မှ ပြောဆိုထားသည်။

”သက္ကောရွာမှာရှိတဲ့ စကစတပ်စခန်းကို ကျွန်တော်တို့ဝင်တိုက်တော့ သူတို့ရဲ့ အရေးကြီးတဲ့ တံခါးချပ်တစ်ခုလိုဖြစ်တဲ့ ဝဲကလီတပ်နဲ့ အင်အားတွေ ထပ်ဖြည့်ထားပုံရတယ်။ ခုဆို သူတို့လုံခြုံရေးတွေ တပ်ကြပ်ထားလဲဖြစ်နိုင်တယ်။ သတင်းရထားတာက ရာမညစစ်ကြောင်းရော အခြားတော်လှန်ရေးတပ်တွေရော ဒီရေး-သံဖြူဇရပ်လမ်းတစ်လျှောက်မှာ လှုပ်ရှားစောင့်ကြည့်နေတာသူတို့သိတော့ သူတို့လိုက်ရှင်းမယ်လို့သတင်းရနေတယ်။ ကျွန်တော်တို့လည်း နီးနီးကပ်ကပ်စောင့်ကြည့်နေတယ်” ဟု ရာမညစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ကြောင့် ရေး-သံဖြူအမှတ် ၈ လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားမှု သတိရှိရန် ရာမညစစ်ကြောင်းတာဝန်ရှိသူတို့မှ နီးစပ်ရာဒေသခံများကို ဧပြီလကပင် တိုက်တွန်ထားကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်တွင်လည်း သံဖြူဇရပ်မြို့နယ် မော်လမြိုင်-ရေး-ဘုရားသုံးဆူလမ်းဆုံရှိ သက္ကောဂိတ်တပ်စခန်းကို ရာမညစစ်ကြောင်းမှ မိနစ်အနည်းငယ်ကြား ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးခန့်သေးဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင့် ရာမညစစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ကင်းထောက်လေယာဉ်များ နေ့စဉ်ဖြတ်သန်းသွားလာနေသဖြင့် ဒေသခံလုံခြုံရေးအခြေအနေ စိုးရိမ်နေရသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...