ငလျင်ဘေးမှာ အသံတိတ်နေရတဲ့ စစ်ရှောင်တွေ

ငလျင်ဘေးမှာ အသံတိတ်နေရတဲ့ စစ်ရှောင်တွေ

တောင်ငူမြို့ ဆေးရုံကြီးတွင် ဆေးကုသနေတဲ့ လူနာအသီးသီးကို ဆေးရုံတာဝန်ရှိသူတွေက ဆေးရုံမှ အားလုံးကို ဆင်းခိုင်းလိုက်ပါတယ်။ အကြောင်းအရင်းက ထိုနေ့ မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်‌ကြောင့် ဒဏ်ရာရတဲ့ လူနာတွေကို ကုသဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့အချိန်မှာ ဆေးရုံအတွင်းလူနာအဖြစ် ကုသနေတဲ့ မတင်ဇာ (အမည်လွဲ) ရဲ့ အမျိုးသားလည်း ဆေးရုံက ချက်ချင်း ဆင်းခဲ့ရသူများထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

သူမရဲ့ အမျိုးသားဟာ စစ်ဘေးရှောင်ရင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။ သို့သော် ဒဏ်ရာက အရှင်းမပျောက်သေးတဲ့အတွက် ဆေးရုံများမှာ လိုက်လံကုသရင်း အခု တောင်ငူဆေးရုံကြီးမှာ ဆေးကုသနေတာပါ။

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက သူမတို့နေတဲ့ ထန်းတစ်ပင်မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ပြီး ရွာထဲမှာ စစ်တပ်က တပ်စွဲထားလို့ သူမတို့ အိမ်မှာမနေရဲတော့ဘဲ တခြားသူတွေနည်းတူ ဇရပ်ကြီးမြို့ကို စစ်ရှောင်ခဲ့ကြပါတယ်။

တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို စက်တင်ဘာလ ရေကြီးချိန် သူတို့စစ်ရှောင်နေထိုင်တဲ့ ဇရပ်ကြီးမှာလည်း ရေကြီးလို့ နေလို့မရ ဖြစ်ခဲ့ပါတယ်။ တည်းခိုဖို့ နေရာမရှိတော့ သူမတို့ရွာကို ပြန်ဖို့ဆုံးဖြတ် လိုက်ပါတယ်။

ထန်းတပင်က ရွာကို ပြန်ဖို့ ကျေးရွာတာဝန်ရှိသူတွေက စစ်ကောင်စီကို ခွင့်တောင်းပြီး သူတို့က ရွာဝင်ပေါက်ကို ဖွင့်ပေးလို့ ပြန်ဝင်နေခဲ့ပါတယ်။ ရွာမှာပြန်နေတဲ့ နေ့မှာပဲ သူမမိသားစုရဲ့ ပဲ့ကိုင်ရှင် အမျိုးသားဟာ မထင်မှတ်ဘဲ အိမ်ဘေးခြံစည်းရိုးနားမှာ ထောင်ထားတဲ့ မိုင်းကို နင်းမိသွားခဲ့ပါတယ်။

“အဲဒီအချိန်က ရွာမှာပြန်နေပြီး တစ်ရက်တောင်မပြည့်ဘူး အမျိုးသားက မိုင်းနင်းမိသွားတယ်။ ခြေထောက်နှစ်ဖက် စလုံး ထိသွားတယ်” လို့ မတင်ဇာက ပြန်ပြောပြပါတယ်။

မိုင်းနင်းမိတဲ့အတွက် ခြေနှစ်ဖက်လုံးဒဏ်ရာရရှိသွားတာကြောင့် တောင်ငူဆေးရုံကို ပို့ဖို့ စီစဉ်ပေမယ့်လည်း တောင်ငူတစ်မြို့လုံးက ရေကြီးနေလို့ ပို့မရဖြစ်ပြီး သူမအမျိုးသားကို ထန်းတစ်ပင်ဆေးရုံကိုပဲ ပို့လိုက်ပါတယ်။

မိုင်းနင်းမိတဲ့ ဒဏ်ရာကြောင့် သူမအမျိုးသား ညာခြေထောက်တစ်ဖက် ဖြတ်လိုက်ရသလို ကျန်တဲ့ တစ်ဖက်က မဖြတ်ရပေမယ့် မိုင်းထိထားတဲ့ ဒဏ်ရာက ပြင်းထန်တာကြောင့် အခုချိန်ထိ ဆေးရုံတစ်ခုပြီးတစ်ခုမှာ ဆက်ကုသနေရတာ ဖြစ်ပါတယ်။

အခု ငလျင်ဖြစ်တဲ့ မတ်၂၈ ရက်နေ့ကတည်းက သူမအမျိုးသားဟာ ခြေထောက်ဒဏ်ရာတစ်ဖက်နဲ့ ဆေးရုံကနေ ဆင်းလိုက်ပြီး ဖြစ်ပါတယ်။ စစ်ရှောင်နေရတဲ့ အခြေအနေဖြစ်တာကြောင့် နေရပ်မပြန်နိုင်သေးဘဲ တောင်ငူက ဆွေ မျိုးအိမ်ဘေးမှာ အဖီလေးချပြီး သူမအမျိုးသားနဲ့အတူ ၄ နှစ်မှ ၁၀ နှစ်အရွယ်ကြားရှိတဲ့ ကလေး ၃ ယောက်နဲ့အတူ ခိုလှုံနေကြပါတယ်။

အရင်ကရွာမှာ လယ်ယာလုပ်ငန်းကိုသာ အဓိက လုပ်ခဲ့ပြီး တခြားစီးပွားရေးမလုပ်တတ်သလို အခု အမျိုးသားဖြစ် သူကလည်း ဆေးရုံမကြာခဏ တက်ရလို့ သူမတို့ မိသားစုဟာ ဝင်ငွေထက်ထွက်ငွေသာ ပိုများနေပါတယ်။ အမျိုး သားဆေးရုံ တက်ခါနီးရောက်ရင် အလှူရှင်ရှာရတာလည်း သူမအတွက် မလွယ်ကူခက်ခဲတယ်လို့ ဖွင့်ဟပြောပါတယ်။

ပရဟိတအဖွဲ့ တစ်ဖွဲ့က သူမအမျိုးသားဆေးရုံ စရိတ်အတွက် အကူအညီရဖို့ စီစဉ်ထားချိန် မထင်မှတ်ဘဲ ငလျင် လှုပ်ခတ်မှု ဖြစ်ပြီး အခုအလှူရှင် အားလုံးက ငလျင်ဘေးသင့် ပြည်သူတွေအတွက် ပြောင်းပြီး ကူညီသွားပါတယ်။

“ဆေးရုံတစ်ခါတက်ရင် အနည်းဆုံး ၆ သိန်း လောက်ကုန်တယ်။ ဝင်ငွေမရှိတော့ အလှူရှင်တွေ လိုက်ရှာရတယ်။ ပရဟိတတစ်ဖွဲ့က သူတို့ လိုင်းပေါ်တင်ပြီး အကူအညီတောင်းပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ငလျင်ဘေးက ကိုယ့်ထက် အရေးကြီး တာတွေ ရှိတယ်လေ။ ဒါကြောင့် အလှူထပ်မခံချင်တော့တာ သူများအစ်မကို မုန်းမှာလည်း ကြောက်တယ်” လို့ သူမက ပြောပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင်းမှာရှိတဲ့ တောင်ငူခရိုင်မှာ စစ်ရှောင်ဦးရေ တိုးလာတဲ့အပြင် ငလျင်ဘေးသင့် အိမ်ခြေ ၅၀၀ ကျော်ရှိလာတယ်လို့ ပြည်တွင်းနေရပ်စွန့်ခွာသူ ကရင်ပြည်သူများဆိုင်ရာ ကော်မတီ-CIDKP က ပြောပါတယ်။

အခုချိန်မှာ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက်ကတော့ အလှူရှင်တွေက လှူဒါန်းလိုသူများပြီး စစ်ရှောင် တွေအတွက်ကတော့ အလှူငွေတိုးလာခြင်းမရှိဘူးလို့ CIDKP ဒု-ညွှန်ကြားရေးမှူး စောခဲလေက ဆိုပါတယ်။

“ငလျင်က စစ်ကိုင်းတို့၊ မန္တလေးတို့အထိများတယ်။ ကျနော်တို့ Cover လုပ်တဲ့ ကေအဲန်ယူနယ်မြေမှာက ငလျင်ဘေး ထိတာက တောင်ငူ၊ သံတောင်၊ ထန်းတစ်ပင် နေရာတွေမှာ ပိုဖြစ်များတယ်။ အဲလိုသဘာဝဘေး ငလျင်ပေါ်မှာ လှူချင်တဲ့ အလှူရှင်တွေတော့ များတယ်။ ဒီလက်ရှိဖြစ်နေတဲ့ အခက်အခဲနဲ့ ပြန်လည်ထူ ထောင်ဖို့အတွက်ကိုတော့ အလှူငွေ ထူးထူးခြားခြားလာတယ်။ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေအနေနဲ့ ကျနော်တို့ပုံမှန် အတိုင်းပဲ ထောက်ပံ့ပေးမှုရှိတယ်” လို့ စောခဲလေက ဆိုပါတယ်။

အခု CIDKP ဟာ ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ရှောင်တွေအတွက်ဖြစ်စေ ငလျင်နဲ့ ရေဘေးသင့် ပြည်သူတွေဖြစ်စေ အခြေခံစားနပ်ရိက္ခာတွေ ကူညီပေးနိုင်တာရှိသလို လုံခြုံရေးကြောင့် ဝန်ထမ်းတွေ ကွင်းဆင်း လို့ မရတဲ့နေရာတွေမှာ ရိက္ခာဝယ်ဖို့ ငွေသားနဲ့ ကူညီပေးနေတာပါ။ ကေအဲန်ယူ၊ ခရိုင် ၇ ခုက ထိန်းချုပ်နယ်မြေ အတွင်းမှာ CIDKP က တစ်နှစ်ကို စစ်ရှောင် အယောက်သုံးသိန်းထိ ကူညီပေးတာပါ။

အခု ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းထဲမှာ စစ်ရှောင်ဦးရေ အယောက် သုံးထောင် တိုးလာပေမယ့်လည်း အကူအညီ တိုးရတာမရှိဖြစ်နေပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ- USAID ထောက်ပံ့မှု ရပ်သွားလို့ စစ်ရှောင်တွေအတွက် အကူအညီ ကန်ဒေါ်လာ တစ်သန်း ထိခိုက်သွားတယ်လို့ CIDKP ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ စစ်ရှောင်တွေအတွက် ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တချို့လျော့သွားပါတယ်။

ကော်သူးလေနယ်မြေ ကေအဲန်ယူ၊ သထုံခရိုင်၊ တောင်ငူခရိုင်၊ ဖာပွန်ခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်-ထားဝယ် ခရိုင်၊ ဖားအံခရိုင်နဲ့ ဒူးပလာယာခရိုင်စတဲ့ ခရိုင် ၇ ခုမှာ CIDKP က ပြုစုထားတဲ့စာရင်းအရ ပြီးခဲ့တဲ့ မတ်လအထိ စစ်ရှောင် ၁,၁၂၆,၇၆၉ ဦးရှိပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေထဲမှာ ညောင်လေးပင်ခရိုင်ဟာ အများဆုံးစစ်ရှောင်နေရသလို ဒူးပ လာယာခရိုင်က ဒုတိယအများဆုံးစစ်ရှောင်နေရတယ်လို့လည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် - KPSN ပြောခွင့်ရ နော်ဝါးခူရှီးက ပြောပါတယ်။

ဒါ့အပြင် ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်တွေမှာ စစ်ကောင်စီအခြေချရာ နေပြည်တော်နဲ့ နီးတဲ့အတွက် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများနေပြီး ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုလည်း ပိုများနေတာ တွေ့ရတယ်လို့ နော်ဝါးခူရှီးက ဆိုပါတယ်။

“အဲဒါကြောင့် သူတို့နဲ့ နီးတဲ့မြို့နယ်မှာက လူထု ပိုထိတယ်။ ပြီးတော့ လူထုစားနပ်ရိက္ခာ လိုအပ်ချက်က အဲဒီက လူထုတွေကလည်း အကူအညီပိုလိုအပ်တာ တွေ့နေရတယ်” လို့ နော်ဝါးခူရှီးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ ဒေသက ပြည်သူတွေရဲ့အိမ်ကို တိုက်ပွဲဖြစ်တာမရှိဘဲ နေအိမ်မီးရှို့တာတွေ၊ လူထုတွေကို မီးရှို့ သတ်ဖြတ်တာတွေ ကလယ်လွီထူး (ညောင်လေးပင်) ခရိုင်မှာရှိတဲ့ လူထု တွေက မကြာခဏ ခံနေရပါတယ်။

အဲဒီလိုနေအိမ်မီးရှို့၊ လူတွေကိုသတ်ဖြတ်တာတွေကြောင့် ပြည်သူတွေ ရွာလုံးကျွတ် ရွာကိုစွန့်ခွာတိမ်းရှောင် နေကြရပြီး ရွာမှာကျန်တဲ့ လယ်ယာလုပ်ငန်းတွေကိုလည်း စွန့်ပစ်ထားရပါတယ်။

နတ်သံကွင်းမြို့ နယ်မှာရှိတဲ့ စောဖိုးအေးက “ကျနော်တို့ တိမ်းရှောင်လာတာ ၂၀၂၃ ခုနှစ်ထဲက အခုထိ ရွာမပြန်ရသေးဘူး။ နီးစပ်ရာရွာမှာ တိမ်းရှောင်တယ်။ ပြီးတော့ အဲဒီရွာကလည်း တိုက်ပွဲဖြစ်တော့ ထပ်ပြီးတိမ်းရှောင်နေရတယ်။ ဘယ်သူမှ ရွာပြန်ပြီး စပါး၊ ပဲ ပြန်မစိုက်နိုင်သေးဘူး။ လယ်ထဲမှာ လက်နက်ကြီးတွေကျတော့ ဒီလိုပဲ လယ်ပျက်တွေ ဖြစ်သွားရတယ်” လို့ ဖွင့်ဟပြောပါတယ်။

မြန်မာမှာ ငလျင်ဘေးဒဏ် မခံရခင်ကတည်း လက်နက်ကိုင်ပဋိပက္ခကြောင့် တိုင်းနဲ့ပြည်နယ်တွေက လူဦးရေ သုံးသန်းခွဲကျော် အိုးအိမ်စွန့်ခွာနေကြရပြီး စားနပ်ရိက္ခာ ဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ နေရာထိုင်ခင်းစတဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူညီလိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - UNOCHA က ပြောဆိုထားပါတယ်။

ဒါ့အပြင် မတ်လ၂၈ ရက် စစ်ကိုင်းငလျင်ကြောင့် လူနေအိမ် ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး ခိုလှုံစရာ နေရာနဲ့ အခြေခံ အိမ်သုံးပစ္စည်းတွေ လိုအပ်နေတဲ့ လူဦးရေ တစ်သန်းကနေ ငါးသန်းကျော်ထိ မြင့်တက် လာနေတယ်လို့ လည်း UNOCHA ရဲ့ ဧပြီလ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ငလျင်ဘေးနဲ့ စစ်ဘေးကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ သန်း၂၀ လူသားချင်းစာနာထောက်ထားမှု အကူ အညီ လိုအပ်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရံပုံငွေထည့်ပေးဖို့ကိုလည်း ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်က တိုက်တွန်း ပြောဆိုထားပါတယ်။

ငလျင်ဘေးကြောင့် အပျက်အစီးများတဲ့ မြို့ကြီးတွေမှာ အလှူရှင်တွေ အများအပြား ရောက်ရှိနေပေမယ့်လည်း မြို့ထဲမှာ တိတ်ဆိတ်စွာ စစ်ရှောင်လာရတဲ့ စစ်ဘေးရှောင်တွေကတော့ အကူအညီရရှိဖို့က မျှော်လင့်ချက်ဝေးပါတယ်။

ဒါကြောင့် စစ်ဘေး၊ ရေဘေး၊ ငလျင်ဘေးစတဲ့ ဘေးဒုက္ခတွေကို အမျိုးမျိုးထပ်ဆင့် ကြုံတွေ့ခဲ့တဲ့ မတင်ဇာတို့ မိသားစုအတွက်ကတော့ အလှူရှင်ရရှိဖို့က ခိုကိုးရာမဲ့ အခြေအနေဖြစ်လို့ နေပါတယ်။

“လောလောဆယ် နေစရာမရှိသေးတော့ အမြန်လမ်းမှာ ခုမှဆောက်နေတဲ့ ဘုန်းကြီးကျောင်းမှာ သွားနေဖို့ စဉ်းစားတယ်။ အိမ်ငှားနေဖို့လည်း အဆင်မပြေဘူး။ အလှူလည်းထပ်ပြီး မခံရဲတော့ဘူး။ ရွာပြန်လို့ရရင်တော့ ရွာပြန်ပြီး လယ်ပဲ ပြန်လုပ်ချင်ပါတယ်” လို့ သူမပြောပါတယ်။

လက်ရှိ ငလျင်သင့်ဒေသတွေ ပြန်လည်ထူးထောင်ရေး အလှူငွေတွေ နိုင်ငံတကာက ပေးတာတွေ ရှိနေပေမဲ့လည်း စစ်ကြောင့် နေရပ်အိုးအိမ်စွန့်၊ လုပ်ငန်းတွေစွန့်ပြီး ရပ်တည်ရေးခက်ခဲနေတဲ့ စစ်ဘေးရှောင်တွေရဲ့ ဘဝတွေဟာ မျှော်လင့်ချက်မဲ့လို့ နေပါတော့တယ်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...