ဘင်္ဂလားဒေ့ရှ် The Daily Star က မောင်တော၊ ဘူးသီးတောင်တွင် မွတ်ဆလင်များကို မောင်းထုတ်ကာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံများက ရခိုင်များကို နေရာချပေးနေသည်ဟု မဟုတ်မမှန် သတင်းအမှားများကို လိမ်လည်ထုတ်လွှင့်နေ

ဘင်္ဂလားဒေ့ရှ် The Daily Star က မောင်တော၊ ဘူးသီးတောင်တွင် မွတ်ဆလင်များကို မောင်းထုတ်ကာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံများက ရခိုင်များကို နေရာချပေးနေသည်ဟု မဟုတ်မမှန် သတင်းအမှားများကို လိမ်လည်ထုတ်လွှင့်နေ

ဘင်္ဂလာဒေ့ရှ်က အင်္ဂလိပ်လိုထုတ်ဝေသည့်The Daily Star သတင်းစာတွင် မောင်တော၊ ဘူးသီးတောင်တွင် မွတ်ဆလင် ရိုဟင်ဂျာများကို AA က အတင်းမောင်းထုတ်ကာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံများက ရခိုင်များကို နေရာချပေးနေသည်ဟု မဟုတ်မမှန် သတင်းအမှားများကို လိမ်လည်ထုတ်လွှင့်ခဲ့သည်။

ယခုလို မဟုတ်မမှန် သတင်းများကို လိမ်လည်ထုတ်ပြန်ကာ ရခိုင်ပြသနာကို ပိုမိုကြီးကျယ်အောင် ဖန်တီးလုပ်ဆောင်နေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာသည်။

ဧပြီ ၂၉ ရက်နေ့က Rohingyas fleeing Arakan Army persecution သတင်းတွင် “အာရက္ခတပ်တော်က ရိုဟင်ဂျာတွေကို နေရပ်ကနေ နှင်ထုတ်ပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အိန္ဒိယတို့လို တခြားနိုင်ငံတွေကနေ ရခိုင်လူမျိုးတွေကို အဲဒီနေရာတွေမှာ ပြန်လည်နေရာချထားပေးခဲ့ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာရတာဖြစ်ကြောင်းArakan Rohingya Society for Peace and Human Rights ဥက္ကဋ္ဌ Zubair က ပြောသည်” ဟုဆိုကာ ရေးသားဖော်ပြထားသည်။

ရခိုင် လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ဒီမှာ ရှိတဲ့သူတွေတောင် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှာကိုစိုးရိမ်ပြီး ထွက်ပြေးနေကြတာ။ အသက်ဘေးကြုံနေရတဲ့အပြင် စားဝတ်ရေးအခက်အခဲ ဒီလောက်ရောက်နေချိန်မှာ ဘယ်သူက ဘူးသီးတောင် မောင်တောကို လာမလဲ။ မဟုတ် မတရား သတင်းတွေကို ဖန်တီးရေးနေတာပါ” ဟု ပြောကြားသည်။

၎င်းပြင် လုံး၀ အခြေအမြစ်မရှိသော အချက်အလက်ဖြစ်သည့်  ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အိန္ဒိယက ရခိုင်တွေကို နေရာချပေးနေသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

“ဒါက အကြီးအကျယ် လိမ်လည်ရေးသားထားတာဖြစ်ပါတယ်။  ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား လူတိုင်း စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ နီပေါက ရခိုင်တွေကို ဘူးသီးတောင် မောင်တောမှာ နေရာချပေးနေတယ်ဆိုတာ ဒါက လုံး၀ သတင်းမှားပါ။ နီပေါမှာ ဘယ်ရခိုင်လူမျိုးရှိလို့လဲ။ အိန္ဒိယက ရခိုင်တွေကကော ဒီလောက် စစ်တလင်းဖြစ်နေတဲ့ ရခိုင်ကို လာမလား။  မဟုတ်တဲ့ သတင်းအမှားတွေ လျှောက်ရေးပြီး ပြသနာကို ပိုမိုကြီးထွားအောင် လုပ်နေတာလို့ မြင်ပါတယ်” ဟု ပြောဆိုသည်။

Arakan Rohingya Society for Peace and Human Rights ဥက္ကဋ္ဌMd Zubair ဆိုသူ၏ ပြောဆိုချက်ကို ကိုးကားပြီး The Daily Stary က ယခုလို ရေးသားထားသည်။

"AA က ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်နေပါတယ်။ ရိုဟင်ဂျာတွေကို အာရက္ခတပ်တော်စခန်းတွေမှာ ခေါ်ခိုင်းပြီး အလုပ်သမားအဖြစ် အတင်းအဓမ္မ အလုပ်ခိုင်းစေတာတွေ လုပ်နေပါတယ်။ စစ်တပ်ကိုတိုက်ဖို့ ရိုဟင်ဂျာတွေ စစ်သားစုဆောင်းမှုတွေလည်း လုပ်နေပါတယ်။ စစ်အစိုးရတပ်များနှင့် အဆက်အစပ်ရှိခြင်းကြောင့် ရိုဟင်ဂျာအချို့ အသတ်ခံခဲ့ရပြီး အချို့မှာ ရိုဟင်ဂျာအသိုင်းအဝန်းမှ အစ္စလာမ်ပညာရှင် အများအပြား သတ်ဖြတ်ခံခဲ့ရတယ်” ဟု သတင်းတွင် ဖော်ပြထားသည်။

အာရက္ခတပ်တော်က မြန်မာစစ်တပ်ကို တိုက်ခိုက်ရန် မွတ်ဆလင်များကို အတင်းအဓမ္မ စစ်သားစုဆောင်းသည်ဟု စွပ်စွဲထားခြင်းမှာလည်း လုံး၀ မဟုတ်မှန်သလို ထိုကဲ့သို့ မွတ်ဆလင်များကို စစ်သားစုဆောင်းခြင်း လုံး၀မရှိကြောင်း အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားသည်။

“ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်ပါတယ်။ ဒေသခံ မွတ်ဆလင်တွေကို ကျနော်တို့ အတင်းအဓမ္မ လူသစ်စုဆောင်းတာ လုံး၀ မရှိသလို လုပ်အားပေးစေခိုင်းတာလည်း မရှိပါဘူး။ ဒါဟာ ကျနော်တို့ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေတဲ့ မတူကွဲပြားတဲ့ လူမျိုးဘာသာတွေအကြား သဟဇာတဖြစ်ရေးကြိုးပမ်းမှုကို ဖျက်စီးဖို့ ကြိုးစားတာဖြစ်သလို၊ ဒေသတွင်း တည်ငြိမ်မှုပျက်ပြားအောင်၊ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဖြစ်လာအောင် ဘင်္ဂလားဒေ့ရှ် မီဒီယာတွေကို အသုံးချပြီး ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်နေကြတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် မီဒီယာအများအပြားသည် အခြေအမြစ်မရှိသော သတင်းအမှားများကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နှင့် နိုင်ငံတကာတွင် AA ၏ ပုံရိပ်ကျဆင်းစေရန် နည်းအမျိုးမျိုးဖြင့် လုပ်ကြံ ဝါဒဖြန့် ရေးသားလျက်ရှိကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာကြသည်ဟုလည်း ရေးသားဖော်ပြထားသည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...