အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်

အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်အနီး ကြာတောရွာတွင် မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့်ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်သွားပြီး ဒေသခံများ အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ဧပြီလ (၂၇) ရက် နေ့လည် (၁) နာရီကျော်တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ငလျင်ဒဏ်ကြောင့် ဖြိုထားသည့် အိမ်သွပ်အမိုးများ လေထဲသို့ လွင့်ပါခြင်း၊ ယာယီတဲ မိုးကာများလည်း လန်ထွက်သွားခြင်းများကြောင့် ပြည်သူများ ကြောက်လန့်ခဲ့ရသည်ဟု အင်းလေး ဒေသခံများထံမှ သိရသည်။

“မနေ့တုန်းကတော့ မိုးတွေရွာ လေတွေတိုက်တယ်။ မိုးသီးတွေလည်းပါတယ်။ အရမ်းကြီး ထိခိုက်တာမျိုးတော့ မဟုတ်ဘူး။ အမိုးတွေလန်ကုန်တယ်။ယာယီတဲ မိုးကာနဲ့ပဲနေရတယ်ဆိုတော့ လေတိုက်တော့ အကုန်လန်ထွက်ကုန်တယ်။ ပြည်သူတွေလည်း မိုးထဲ လေထဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ နေရတယ်” ဟု အင်းလေး ငလျင်ဒဏ်သင့် ကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်များကို ပြန်လည်ပြင်ဆင်ရန်လိုအပ်ပြီး မြေကျွံသွားသည့် အိမ်များကို သစ်သားတစ်ချောင်းခြင်း လိုက်လံဆွဲနုတ်ရသောကြောင့် ပြန်လည်ပြင်ဆင်ရန် အချိန်ကြာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူ (၂,၀၀၀) ဦးမျှရှိပြီး အိမ်များကို ပြန်လည်ပြင်ဆင်ရန် လူအင်အား၊ ငွေအင်အားများလည်း လိုအပ်နေပြီး ဝါးတစ်လုံးကကျပ် (၁၈,၀၀၀) ဖြင့် ဝယ်ယူနေကြရသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အင်းလူငယ်တစ်ဦးက ပြောသည်။

“အချိန်လည်း အများကြီးယူရမယ်။ လူအင်အား ငွေအင်အား အစရှိသဖြင့်ပေါ့လေ။ တော်တော်တော့ မလွယ်ဘူး။ ဝါးတစ်လုံးကို ကျပ် (၁၈,၀၀၀) ပေးဝယ်ရတယ်။ ဒါကတော့ ဈေးများတယ်လို့ မယူဆပါဘူး။ ဝါးခုတ်ရတာ။ သယ်ရတာ ပို့ရတာနဲ့ဆို ဒီဈေးက အဆင်ပြေတယ်။ ဝါးတစ်လုံးကို ကျပ် (လေးသောင်း) မျိုး ပေးဝယ်နေရရင်တော့ ဒါမဟုတ်တော့ဘူး” ဟု အဆိုပါ လူငယ်တစ်ဦးက ပြောသည်။

အလားတူ ကရင်နီပြည်နယ် ဒီးမောဆို့ ဘက်တွင်လည်း မိုးသက်လေပြင်းကြောင့် စစ်ရှောင်တဲများ ရေဝင်ခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးထံမှ သိရသည်။

“မနေ့က မိုးရွာ လေတိုက်တယ်။မိုးကာနဲ့ဆိုတော့ အပေါ်လည်းမလုံ ဘေးလည်းမလုံဘူး။ ဒါတောင် မိုးအစပဲရှိသေးတယ်။မိုးရာသီဆို ဘယ်လိုနေမလဲ မသိဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ဒီမောဆို့ မြို့နယ် အနောက်ဘက်ခြမ်းတွင် မနေ့က မိုးသက်လေပြင်းကြောင့် တောင်ပေါ်မှ ကျောက်တုံးလမ့်ကျပြီး ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု သိရသည်။

ဧပြီလ (၂၇) ရက်တွင် မိုးသက်လေပြင်းကြောင့် သျှမ်းပြည်တစ်ဝန်း နေအိမ်များ ပျက်စီးခြင်း စိုက်ခင်းများ ပျက်စီးခြင်းများ တွေ့ကြုံခဲ့ရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...