စစ်ကောင်စီတပ်တွေ ကင်းစင်သွားပြီးဖြစ်တဲ့ ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ ကျောင်းနေအရွယ် လူငယ်နဲ့ ကလေးတွေ ကျောင်းထွက်နှုန်း ၅၀ ရာခိုင်နှုန်းရှိနေတယ်လို့ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ် လူငယ်အဖွဲ့ရဲ့ ဥက္ကဌ ခူးကူးရယ်က ပြောပါတယ်။
ရှားတောမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးတိုင် ထိန်းချုပ်နိုင်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော် အချိန်ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ မထိန်းချုပ်နိုင်ခင် ကြားကာလမှာလည်း ပညာရေးကို ကောင်းကောင်းမွန်မွန် မသင်ယူနိုင်ခဲ့ပါဘူး။
ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းရပ်နားထားရာကနေ ၂၀၂၁ ခုနှစ်မှာလည်း စစ်တပ်အာဏာသိမ်းယူလိုက်တာကြောင့် တစ်ဝက်တစ်ပျက်နဲ့ ပညာရေးကို သင်ကြားခဲ့ရပြီး လူငယ်တွေ ကျောင်းထွက်နှုန်းက ပိုများလာတယ်လို့ ဆိုမိုဖေဆိုးလေး (ရှားတော) လူငယ်ရဲ့ ဥက္ကဌတစ်ဦးက ပြောပါတယ်။
“ဒီမြို့ပေါ်မှာခါကျတော့ တိုက်ပွဲပြီးတဲ့ အချိန်ကျမှ စာကို ပြန်သင်ရတာဆိုတော့ နောက်ကျသွားတာ ၃ နှစ်လောက်ရှိတယ်ပေါ့နော်။ အဲ့ကြောင့်မို့ တချို့လူတွေက ကျောင်းတက်မယ့်အရွယ်မှာ အသက်နဲ့ ကျော်လွန်သွားတဲ့ခါကျတော့ သူတို့ ရှက်တာလည်းပါတယ်။ ပြီးတော့ တစ်ခြားနေရာမှာ ကျောင်းတက်ဖို့က သူတို့ကလည်း အချိတ်အဆက်တွေက အားနည်းချက်ရှိတယ် ပြောရမယ်။ တချို့ကျတော့လည်း မိသားစုတွေ အရမ်းခက်ခဲတာလည်း ပါတယ်ဆိုတော့ ကိုယ်စီ အခက်အခဲတွေနဲ့ပေါ့” လို့ ဥက္ကဌက ပြောပါတယ်။
အခြေခံပညာရေး ပြီးမြောက်သွားတဲ့ လူငယ်တွေအတွက်လည်း အဆင့်မြင့် ပညာရေးကျောင်းတွေ ဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးပါဘူး။
ကြားကာလ အချိန်မှာတော့ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားတာတွေ ရှိနေပေမယ့် အထက်တန်းတစ်ကျောင်းသာ ဖွင့်လှစ်နိုင်သေးတာဖြစ်ပြီး လူငယ်အများစုက ကျောင်းထွက်နှုန်းတွေ များလာကြတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ရှားတော (ဆိုမိုဖရေးစိုးလေး) မြို့နယ်၊ မြို့နယ်ပညာရေးမှူး ခူးငါးရယ်က ပြောပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်၊ မြို့နယ် ပညာရေးမှူးရဲ့ အဆိုအရ မူလတန်းကနေ အလယ်တန်းကို တက်ရောက်မယ့် ကလေးငယ်တွေနဲ့ အထက်တန်းတက်ရမယ့် ကျောင်းသားတွေဟာ ကျောင်းထွက်နှုန်းပိုများတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ဒေသမှာက ပထမ တစ်ခုက မူလတန်းတွေက များတယ်။ အထက်တန်းဆိုလို့ ဒီကာလမှာ တစ်ကျောင်းပဲ ဖွင့်လှစ်နိုင်တယ်ပေါ့နော်။ အဲ့ဒါကြောင့် ၄ တန်းပြီးသွားတဲ့ လူတိုင်းက ၅ တန်းသွားတက်ဖို့ အရမ်းဝေးတယ်။ အဲ့အချိန်မှာ သူတို့ရဲ့ မိဘတွေကလည်း ကျောင်းဆက်မထားပေးနိုင်ဘူး။ မပံ့ပိုးပေးနိုင်တော့ အဲ့ဒီကြားကာလတွေမှာ ထွက်တာ ရှိတယ်။ ပြီးတော့ အထက်တန်းရောက်တဲ့ အချိန်မှာဆို စိတ်လေကြတယ်။ ရဲဘော် လုပ်ချင်ကြတာတွေလည်း ရှိတယ်။ဒီတော်လှန်ရေးမှာ ပါဝင်ချင်ကြတယ်။ အဲ့လိုတွေလည်း ရှိတယ်” လို့ မြို့နယ် ပညာရေးမှူး ခူးငါးရယ်က ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို စားဝတ်နေရေးနဲ့ အခြေခံလိုအပ်ချက်တွေ များနေတာကြောင့်လည်း ပညာရေးကို ဆက်လက်သင်ယူနိုင်ဖို့ အခက်အခဲရှိနေကြတာပါ။
“လိုအပ်ချက်တွေတော့ အများကြီးရှိသေးတယ် အမေရိကန်ကနေပြီး ထောက်ပံ့မှုတွေ ရပ်တန့်သွားတဲ့အတွက် ဆရာ၊ ဆရာမ ထောက်ပံ့ကြေးတွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ ဆရာ၊ ဆရာမ capacity တွေအတွက် သင်တန်း၊ ဆရာ/မ လိုအပ်ချက်တွေ အစရှိသဖြင့် အများကြီးလိုအပ်နေပါတယ်” လို့ ခူးငါးရယ်က ဆက်ပြောပါတယ်။
ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ စာသင်ကျောင်းပေါင်း ၂၆ ကျောင်းကို ဖွင့်လှစ်ထားပြီး ကျောင်းသူ/သား စုစုပေါင်း ၁,၅၀၀ ကျော်ရှိကာ ဆရာ/ဆရာမ ၁၅၀ နီးပါးနဲ့ သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။







