တွန်းဇန်မြို့ကို ZRA က အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်၊ ZRA မှ ရဲဘော် ၄ ဦး ကျဆုံး၊ ၆ ဦး ဒဏ်ရာရဟုဆို

တွန်းဇန်မြို့ကို ZRA က အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်၊ ZRA မှ ရဲဘော် ၄ ဦး ကျဆုံး၊ ၆ ဦး ဒဏ်ရာရဟုဆို

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် တွန်းဇန်မြို့ကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA) က အင်အား ၃၀၀ ကျော်ဖြင့် ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ZRA မှ ရဲဘော် ၄ ဦးကျဆုံးကာ ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ဧပြီလ ၂၀ ရက်က တွန်းဇန်မြို့ကို ZRA တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာ ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“တွန်းဇန်မြို့ပေါ်နဲ့ တွန်းဇံနယ်ထဲမှာ အခု တိုက်ပွဲက တကြောပြန် တိုက်ပွဲလို့ ပြောလို့ရပါတယ်။ မနေ့က ၂၀ ရက်နေ့မှာ ZRA က အင်အား အလုံးအရင်းနဲ့ တွန်းဇန်မြို့ထဲကို တက်လာတာ ရှိပါတယ်။ အဲဒါကို ကျနော်တို့က ကျနော်တို့နေတဲ့ နေရာတွေကို သူတို့က ပစ်ခတ်မှုလာလုပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့က တုန့်ပြန်တယ်။ မနေ့ကတည်းက သူတို့အားလုံးက တွန်းဇန်မြို့ထဲကနေ ပြန်ဆုတ်ပါတယ်။ သူတို့ဘက်က ၄ ယောက်ကျသလို၊ ၆ ယောက်လောက် ဒဏ်ရာရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ZRA တပ်ဖွဲ့များသည် ကျီးခါးမြို့ဘက်ခြမ်းကို ပြန်လည်ဆုတ်ခွာသွားကြခြင်းဖြစ်ပြီး အပြီးတိုင် ဆုတ်ခွာသွားခြင်း မဟုတ်သောကြောင့် တိုက်ပွဲများ အချိန်မရွေး ရှိလာနိုင်သည့် အနေအထားဖြစ်၍ စစ်ရေးကို အသင့်ပြင်ဆင်ထားရကြောင်း သိရသည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ (ZRA) သည် စစ်ကောင်စီထံမှ ဒရုန်းအပါအဝင် လက်နက်ခဲယမ်းများ အထောက်အပံ့ ရရှိထားသည်ဟု ဆလိုင်းထက်နီက ပြောသည်။

ZRA တပ်ဖွဲ့သည် တွန်းဇန်ကို ထိုးစစ်ဆင်ရန် အိန္ဒိယနိုင်ငံ၊ မဏိပူရဘက်ခြမ်းမှ အင်အားအများအပြား ဝင်ရောက်လာသည်ဟု ဆလိုင်းထက်နီက ပြောသည်။

“သူတို့က အစက တက်လာတုန်းက ကျနော်တို့ သိရတာက အင်အား ၃၀၀ နဲ့ ၃၅၀ ကြား၊ တွန်းဇံကနေ ပြန်ဆုတ်သွားတဲ့ဟာ ဆိုရင် ကား ၆ စီးနဲ့ ပြန်ဆုတ်သွားတာ ရှိသလို၊ ခြေလျင်နဲ့ ဆုတ်သွားတာလည်း ရှိတော့ ကနဦး သတင်းအရ ၃၀၀ နဲ့ ၃၅၀ ခန့်ဆိုတော့ကာ အင်အားအဲလောက်ရှိတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့အနေအထားကို ကြည့်လိုက်ရင် မဏိပူရ်ကနေ တက်လာတာတွေ ရှိသလို အဲဒီဒေသဘက် နဂိုရှိပြီးသာတွေလည်း ရှိမှာပေါ့နော်” ဟု ဆလိုင်းထက်နီက‌ ပြာသည်။

ဧပြီလ ၃ ရက်ကလည်း ZRA တပ်ဖွဲ့သည် တွန်းဇန်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားရာ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ဆုတ်ခွာချိန်တွင် Nakzang ကျေးရွာ နှင့် Buangmual ကျေးရွာတို့ကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ် မေလက တွန်းဇန်မြို့ကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF - Tonzang က အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်လျက်ရှိသည်။

တွန်းဇန်မြို့ကို ချင်းပူးပေါင်းတပ်ဖွဲ့က အပြီးသတ်မသိမ်းခင်က စစ်ကောင်စီတပ်နှင့်အတူ ZRA – EC တပ်တို့သည် တွန်းဇံမြို့တွင် အခြေစိုက်တပ်စွဲထားသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...