ငလျင်ဒဏ်သင့် ပြည်သူများ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုများ ရှိလာနေ

ငလျင်ဒဏ်သင့် ပြည်သူများ နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုများ ရှိလာနေ

ငလျင်ဒဏ် အပြင်းအထန် ခံစားခဲ့ရသော စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုများ ရှိလာသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

အထူးသဖြင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုကို အသက် ၅ နှစ်အောက်ကလေးငယ်များ ပိုခံစားနေကြရသည်ဟု စစ်ကိုင်းမြို့တွင် အခမဲ့ ဆေးကုသပေးနေသော ဆေးခန်းတစ်ခုက အမည်မဖော်လိုသော အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“နောက်ဆက်တွဲအနေနဲ့က အခုလောလောဆယ်ပေါ့နော် ဆေးရုံမှာရော ဆေးခန်းမှာရော တွေ့နေရတာက ကလေးတွေက အန်တယ်။ ရေပြဿနာကြောင့်မို့လို့ ဝမ်းလျောတာရှိတယ်။ နောက်တစ်ခုကကျတော့ အပြင်မှာ အိပ်ရတော့ အပူရှပ်ပြီး ဖျားတာမျိုးပေါ့။ နောက်ပြီးတော့ ပါးတွေ ပါးဆောင်တွေ ယောင်တာမျိုးပေါ့ အဲလိုမျိုးတော့ ရှိတယ်ရှင့်”

ထိုလက္ခဏာများအနက် အော့အန်မှုက အများဆုံးဖြစ်ပွားနေပြီး ပြင်ပဆေးခန်းတွင် ကုသရန်လည်း ခက်ခဲသော ကလေးများအား ဆေးရုံသို့ လွဲပြောင်းရသည့်အခြေအနေထိ ဖြစ်ပွားနေသည်ဟု ဆက်ပြောသည်။

“အခုအဖြစ်များတာတော့ အန်တာပေါ့နော်။ တစ်ချို့ကကျတော့ အရမ်းအန်ပြီးတော့ ဆေးသောက်တာ လုံးဝ မဝင်လို့ Saline ချိတ်ရတာမျိုးပေါ့။ တစ်နေ့ကဆိုရင် ကလေးတွေ ၆ ယောက်လောက်ပေါ့ ညကိုဆို ၆ ယောက်လောက် ဆေးရုံရောက်သွားတယ်။ အန်တဲ့ case တစ်ခုတည်းကြောင့်မို့လို့ပေါ့ ကလေးတွေက အဲ့လိုမျိုးပေါ့”

လက်ရှိအချိန်တွင် ကလေးငယ်များ သေဆုံးသည်အထိ ဖြစ်ပွားခြင်း မရှိသေးသော်လည်း ဆက်လက်ဖြစ်ပွားမှုများ ရှိနေသည်ဟု မြေပြင်ရှိ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ဆိုသည်။

ငလျင် လှုပ်ခတ်မှုနောက်ပိုင်း စစ်ကိုင်းမြို့တွင် ဆေးခန်းများနှင့် ဆေးဆိုင်အများစု ပိတ်ထားရသောကြောင့် အခမဲ့ ဖွင့်လှစ်ထားသော ဆေးခန်းများတွင်သာ လာရောက်ပြသမှုများရှိနေသည်ဟု ဆိုသည်။

ထိုဆေးခန်းတွင် စစ်ကိုင်းမြို့နှင့် အနီးနားဝန်းကျင်မှ လာရောက်ပြသကြပြီး တစ်ရက်အတွင်း ကလေးငယ် အယောက် ၅၀ မှ ၆၀ ခန့်အထိ လာရောက်ကုသနေကြသည်ဟု အဆိုပါဆေးခန်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင်လည်း လျှပ်စစ်မီးနှင့် ရေ ပုံမှန် မရရှိသေးသောကြောင့် ဆေးကုသမှုအပိုင်းတွင်လည်း အခက်အခဲများရှိနေသည်ဟု ဆိုသည်။

အချိန်ကြာလာသည်နှင့်အမျှ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ခြေကုန်လက်ပန်းကျမှုများ ရှိလာနေသော်လည်း လူနာများ၏ လိုအပ်ချက်အရ အချိန်အကန့်အသတ်ဖြင့် အခမဲ့ဆေးခန်းများကို ဆက်လက် ဖွင့်လှစ်ထားပေးမည်ဟု ဆိုသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ကျန်းမာရေးနှင့်ပတ်သက်ပြီး ဝမ်းပျက်ဝမ်းလျောကဲ့သို့သော နောက်ဆက်တွဲ ကူးစက်ရောဂါများလည်း ဖြစ်ပွားလာနိုင်သောကြောင့် သတိပြုနေထိုင်ကြရန်လည်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...