ငလျင် ဘေးဒုက္ခကာလအတွင်း ဗုံးကြဲမှုနှင့် လက်နက်ကြီးကြောင့် အရပ်သား ၇၀ ကျော် သေဆုံး

ငလျင် ဘေးဒုက္ခကာလအတွင်း ဗုံးကြဲမှုနှင့် လက်နက်ကြီးကြောင့် အရပ်သား ၇၀ ကျော် သေဆုံး

အင်အားပြင်း ငလျင်လှုပ်ခတ်မှု ဘေးသင့်နေချိန်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့သည်။

စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ်အပါအဝင်  အရပ်သားပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွှတ်‌ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအပါအဝင် မကွေးတိုင်း၊ ကချင်၊ ကရင်နီနှင့် ရှမ်းပြည်နယ် စသည့် ဒေသ ၁၂ ခုတွင် တစ်ပတ်အတွင်း စစ်တပ်မှ လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စုစုပေါင်း ၉၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု NUG က ဆိုသည်။

ကရင်နီပြည်တွင်းက အခြေအနေနှင့်ပတ်သက်၍ IEC အတွင်းရေးမှူး ၂ ဦးဗညားက “မြေငလျင်လှုပ်ပြီး နောက်ပိုင်းပေါ့နော် စစ်ကောင်စီကနေ ကရင်နီမှာ အနည်းဆုံး လူထုပစ်မှတ် ရွာ ၂ ရွာကို  ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိတယ်ပေါ့နော်” ဟု ပြောသည်။

ကရင်နီပြည်တွင် မြေငလျင်ဒဏ် ကြုံတွေ့ရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး - ၂ ဦးဗညားက ယခုကဲ့သို့ ဆက်ပြောသည်။

“ပထမတစ်ခုကတော့ ကလိလျားပေါ့နော် ဖရူဆိုမြို့နယ်ထဲမှာပေါ့နော် အခု အခေါ်အဝေါ်ဆိုရင်တော့ တော်ခူအုပ်စု ခေါဘော်ကူမြို့နယ်ပေါ့နော် အဲ့မှာက လူထိခိုက်မှုက တစ်ယောက်နဲ့ အိမ်တစ်လုံး ပျက်စီးတယ်ပေါ့နော။ ပေါင် ၅၀၀နဲ့ ဗုံး ၃လုံး လာကြဲသွားတယ်ပေါ့နော်။ နောက်ပြီးတော့မှ ပီကင်းကောခူပေါ့နော် လွိုင်ကော် - မိုးဗြဲ အစပ်လေးမှာ မနက်ပိုင်းမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၃ ဦး ထိခိုက်ဒဏ်ရာရပြီးတော့မှ ၁ ဦး ဆုံးတယ်ပေါ့နော်။ ပြီး ညနေခင်း ၃ နာရီလောက်မှာ နောက်တစ်ကြိမ် လေယဥ်နဲ့ ဗုံးလာကြဲတဲ့အတွက်ကြောင့်မို့လို့  ပြည်သူလူထု ၄ ဦး ဆုံးသွားပါတယ်။ အိမ်အပျက်အစီးကတော့ အဲ့မှာတော့ ၅ လုံး ရှိတယ်ပေါ့နော်”

မတ်လ ၂၈ ရက်နေ့ မှ ဧပြီလ ၈ ရက်နေ့အထိ မြေငလျင်ဒဏ် ကြုံတွေ့ရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး၊ အမျိုးသမီး အယောက် ၃၀ ဦးအပါအဝင် အရပ်သားပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးခဲ့သည်ဟု NUG ၏ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက အတည်ပြုရရှိထားသော အချက်အလက်များအရ သိရသည်။

သို့သော် သေဆုံးထိခိုက်မှုများသည် မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ပြီး ထပ်တိုးစာရင်းများ ရှိနိုင်သည်ဟု NUG က ဆိုသည်။

စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်း ငလျင်ဘေးကြောင့် ဧပြီလ ၂ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ကလည်း ထုတ်ပြန်ပြောဆိုထားသည်။

Most read this week

December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...