စစ်ကောင်စီက အပစ်ရပ်ထားသည်ဟုဆိုသော်လည်း ကျောက်ဖြူကို လေကြောင်းမှ ဗုံးကြဲနေဆဲ

စစ်ကောင်စီက အပစ်ရပ်ထားသည်ဟုဆိုသော်လည်း ကျောက်ဖြူကို လေကြောင်းမှ ဗုံးကြဲနေဆဲ

စစ်ကောင်စီက ရက်ပေါင်း ၂ဝ ကြာ အပစ်ရပ်ထားသည်ဟုကြေညာထားသော်လည်း ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲနေဆဲဖြစ်သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ပြင်ရှည်ကျေးရွာအနီးအနားကို ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲချခဲ့သည်ဟု ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီနေ့လည်း ဂျက်နဲ့ လာကြဲသွားတယ်။ ရွာထဲကိုတော့ မကျဘူး။ အနီးအနားတွေကို ကျတယ်"ဟု ပြောသည်။

ယမန်နေ့ ဧပြီ ၃ ရက်၊ နံနက်ပိုင်းကလည်း ပြင်ရှည်ကျေးရွာအနီးအနားကို ဒရုန်းဖြင့် ဗုံးအလုံး ၆၀ ကျော်အထိ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ယမန်နေ့ ညနေ ၄ နာရီကျော်ခန့်တွင်လည်း သစ်ပုတ်တောင်တိုက်နယ်၊ ရှောက်ချောင်းနှင့် စည်မော်ကျေးရွာဖက်သို့ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ စက်တပ် လေထီး၊ ဒရုန်းနှင့် နေဗီများက ပစ်ခတ်ခဲ့သည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"ဒရုန်းက ပိုဆိုးတယ်။ ဆက်တိုက်ပစ်တာ။ မနေ့ကဆိုရင် ဒရုန်း၊ စက်တပ်လေထီးပါမကျန်၊ လေယာဉ်၊ နေဗီတွေကလည်း တောက်လျှောက် သစ်ပုတ်တောင်တိုက်နယ်နဲ့ ဂုံးချွိန်တိုက်နယ်ကိုပစ်တာ။ အပစ်ရပ်ဖို့ ပြောထားပေမယ့် သူတို့ဖက်က ကျူးလွန်နေတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်စေရန်ဟုဆိုကာ ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက်ပေါင်း ၂ဝ ကြာ အပစ်ရပ်စဲသည်ဟု ဧပြီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် ယင်းသို့ထုတ်ပြန်သည့်နေ့မှစတင်ကာ စစ်ကောင်စီဘက်က စည်းကမ်းချိုးဖောက်ကာ ရခိုင်အပါအဝင် ကချင်၊ ကရင်၊ စစ်ကိုင်း၊ ရှမ်းပြည်တို့ရှိ နေရာအနှံ့အပြားကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...