ငလျင်ကြောင့် ကလေး ၂ ဦးသေဆုံးသည့် ပင်လောင်းမြို့ နယ်က နန်းပန်းရွာခံများ အကူညီလိုအပ်နေ

ငလျင်ကြောင့် ကလေး ၂ ဦးသေဆုံးသည့် ပင်လောင်းမြို့ နယ်က နန်းပန်းရွာခံများ အကူညီလိုအပ်နေ

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နေအိမ်များပြိုကျပြီး ကလေးငယ် ၂ ဦး သေဆုံးခဲ့သည့် သျှမ်းပြည်တောင်ပိုင်း ပင်‌လောင်းမြို့နယ် နန်းပန်းရွာခံများ အကူအညီလိုအပ်နေသည်ဟု ရွာခံများပြောပြချက်အရ သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ပင်လောင်းမြို့ အနောက်တောင်ဘက် ၈ မိုင်အကွာရှိ နန်းပန်းရွာတွင် အိမ်ခြေပေါင်း ၁၅၀ ကျော်ရှိသည့်အနက် ၁၀၀ ထက်မနည်း ပြိုကျပျက်စီးခဲ့ပြီး ကလေးငယ် ၂ ဦးလည်း သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်နေသော်လည်း တာဝန်ရှိအစိုးရဌာနများအပါအဝင် တခြားသောအကူအညီများလည်း မရသေးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကလေးလည်း ၂ ယောက်သေတယ်။ လက်ရှိတော့ အကူညီလိုကို လိုတာပေါ့၊ အစိုးရဘက်ကလည်း လာမကူသေးဘူး၊ ဒီမှာ PNO ပြည်သူ့စစ်တွေလည်းရှိတာပဲ ဘယ်သူမှ လာကူတာမရှိသေးဘူး” ဟု နန်းပန်းရွာအနီးမှာနေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းလုံးပင်ရွာ အိမ်ခြေ ၂၀ ကျော်၊ နန်းပန်းတောင်ရွာတွင် အိမ်ခြေ ၂၀ ခန့်၊ မြောက်ရွာ အိမ်ခြေ ၄၀၊ ဘူးဝါးရွာမှာမူ အိမ်ခြေ ၂၇ လုံးခန့်ရှိပြီး ညောင်ပင်ရွာက အိမ်အလုံး ၃၀ ခန့် ပျက်စီးဆုံးရှုံးသည်ဟုဆို၏။

ဒေသခံအများစုလည်း ပအိုဝ်းလူမျိုးဖြစ်ကြသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

ဒေသအတွင်း ပါဝင်အလှူခံပေးနေသည့် ဒေသခံတစ်ဉီးက “အကူအညီတအားလိုတာပေါ့။ ကျနော်တို့ နန်းပန်းမှာ ကလေး ၂ ယောက်သေသွားတာ၊ အသက်တွေက ၈ နှစ် နဲ့ ၃ နှစ်လောက်ပဲရှိအုံးမယ်” ဟု ပြောပြသည်။

ငလျင်လှုပ်ခတ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် သေဆုံးသူ ၁၂ ယောက်၊ ညောင်‌ရွှေမြို့နယ် အင်းလေးဒေသတွင် သေဆုံးသူ ၉၀ ယောက်ထက်မနည်း ရှိသည်။

ဧပြီလ ၃ ရက် စစ်ကောင်စီ ထုတ်ပြန်ချက်အရ စစ်ကိုင်း ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး သေဆုံးသူ ၃၀၀၃ ယောက်၊ ဒဏ်ရာရ ၄၅၂၁ ယောက်နှင့် ပျောက်ဆုံးသူ ၄၄၁ ယောက်ရှိသည်ဟု သိရှိရပါသည်။

Most read this week

သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...