အင်းစိန် CID ရုံး အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိဟုဆို

အင်းစိန် CID ရုံး အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိဟုဆို

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသည့် ရဲတပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Rangoon Urban Column (RUC) စစ်ကြောင်းတာဝန်ခံ ရဲခေါင်က မဇ္ဈိမသို့ ပြောသည်။

ယမန်နေ့ (မတ်လ ၁၉ ရက်) ည ၈ နာရီ ၄ မိနစ်အချိန်က အင်းစိန် CID ရုံး ကင်းတဲနေရာအနီးတွင် မိုင်းအသေး ၃ လုံးကို တလုံးတည်းအဖြစ် ပေါင်းစည်းထားသည့် အဝေးထိန်းမိုင်း အကြီးတလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ကင်းစောင့်နေသူတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း RUC က ဆိုသည်။

“ထိခိုက်မှုက တယောက်ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ အဲ့ဒီ ကင်းကျတဲ့ကောင်တွေကတော့ လွတ်မယ်မထင်ဘူး။ ယမ်းက တော်တော်လေးပြင်းတယ်” ဟု ရဲခေါင်က ပြောသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သူတဦးကလည်း “မနေ့ကတော့ ပေါက်ကွဲသံကြားတယ်၊ တချက်ပါပဲ။ တော်တော်တော့ ကျယ်တယ်။ ထိခိုက်တာတော့ မသိရဘူးဗျ။ ကြည့်ရတာ သူတို့ သတင်းဖုံးထားတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ဆေးမှုတွေကတော့ ပုံမှန်လည်း သူတို့က အုပ်စုဖွဲ့ပြီး လမ်းထောင့်တွေမှာ နေနေတာတို့ မထင်ရင် မထင်သလို စစ်တာတို့လောက်တော့ ရှိနေတာပါပဲ” ဟု ပြောသည်။

အင်းစိန် CID ရုံးသည် ရန်ကုန်တိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် မြို့ပြပြောက်ကျားတပ်များ၏ လက်ပစ်ဗုံး၊ မိုင်းများဖြင့် မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များ အထိုင်ချရာ စစ်ရေးပစ်မှတ်တခုဖြစ်သည်။

ယခင် ဇန်နဝါရီလ ၃၁ ရက် ည ၉ နာရီခွဲခန့်ကလည်း Mother Son Yangon Force မြို့ပြ UG အဖွဲ့က အင်းစိန် CID ရုံး၏ အနောက်ဘက် ဂိတ်အပေါက်ကို လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ဖူးပြီး ထိုဖြစ်ရပ်တွင် ဂိတ်စောင့်နေသည့် ရဲနှစ်ဦးသေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့သည်ဟု Mother Son Yangon Force က ထုတ်ပြန်ခဲ့သည်။

Rangoon Urban Column (RUC) စစ်ကြောင်းမှ ရဲဘော်များအတွက် လမ်းကြမ်းသုံးယာဉ်တစီး ဝယ်ယူရန် မတ်လ ၈ ရက်မှ ဧပြီလ ၈ ရက်အထိ “မြို့ပြသို့ချီ RUC” ကမ်ပိန်းကို တလကြာ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် ပါဝင်ကူညီထောက်ပံ့ပေးကြရန် RUC စစ်ကြောင်းတာဝန်ခံက တိုက်တွန်းထားသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...