ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်ခန့်က ကော့ကရိတ်တောင်ပိုင်းရှိ အစွန်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း အစွန်းရွာခံတို့က ပြောသည်။

“ညက မနက် ၁ နာရီကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက် ခံရတယ်။ ကျမတို့ရွာ ဗုံးကြဲတိုက်ခိုက်ခံရတာက ဒါ ပထမဦးဆုံးပဲ။ အလုံးကြီနှစ်လုံးနဲ့ လာကြဲသွားတယ်။ အိမ်တွေတော့ ထိသွားတယ်။ လူကတော့ မထိခဲ့ဘူး။ အိမ်နေရာဝန်းကျင်က ဘာဆို ဘာမကျန်တော့ဘူး။ စပါးကျည်တွေပါ အကုန်ပြောင်တယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ ဒီတိုင်း လာကြဲလိုက်တာ” ဟု အစွန်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်ခန့်ကလည်း ကော့ကရိတ်မြို့နယ်တောင်ပိုင်း ဒေါက်ပလန်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင်ကျောင်း ထိမှန်ပျက်စီးခဲ့သည့်အပြင် လူထိခိုက်သေဆုံးမှုလည်းရှိခဲ့ကြောင်း ဆိုသည်။

“နေ့ဘက်က ဘော့ဒိုင်း (ဒေါက်ပလန်ရွာ) ကို လာကြဲပြီးတော့ ညဘက်မှာ အစွန်းရွာကို လာကြဲတာ။ ဘော့ဒိုင်းမှာတော့ သေတဲ့လူတွေရှိတယ်။ ဒဏ်ရာရသွားတာကော၊ အရေအတွက်တော့ သေသေချာချာ မသိဘူး။ မသွားရဲကြလို့။ သူတို့ (စစ်ကောင်စီ) ဟာက ဖြတ်ခနဲဆို ဘာမှမဖြစ်လည်း လာပတ်ကြဲနေတာ။ အဲတော့ ဒီဘက်လူတွေတော့ လုံးဝကို သတိနဲ့ နေထိုင်နေကြရပြီ” ဟု အထက်ပါ အစွန်းရွာခံက ပြောသည်။

ကော့ကရိတ်တောင်ပိုင်းရှိ ဒေသခံတို့က တိုက်ပွဲပြင်းထန်လျှင် ထွက်ပြေးတိမ်းရှောင်ရန် စားနပ်ရိက္ခာများ ကြိုတင်ဝယ်ယူစုဆောင်းလိုသော်လည်း စစ်ကောင်စီတပ်တို့က စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်ပြီး ကန့်သတ်ထားသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်း ကော့ကရိတ်ဒေသခံတို့က ပြောသည်။

“ငါးတိုင်ကျေးရွာ စာသင်ကျောင်း (အမှတ် ၁ စာသင်ကျောင်း) ရှေ့မှာ စကစတွေက အသေစစ်ဆေးနေတယ်။ အများကြီးဝယ်ပြီး တင်သွားရင်လည်း သွားလာရခက်ခဲတယ်။ ရွာတွေမှာလည်း ဖုန်းလိုင်း မရှိတော့ဘူး” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကော့နွှဲကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့်အတွက် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ကော့ကရိတ်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ရဲဘော်တစ်ဦးက ပြောသည်။

“အခုလက်ရှိချိန်အထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ကျနော်တို့တောင် အရှေ့ကို သွားရမလို့ အခုစောင့်နေတုန်းပဲ။ နေ့တိုင်းတော့ နှစ်ဖက်စလုံးက ထိခိုက်သေဆုံးတာ ရှိနေတယ်။ ကော့ကရိတ်အနီးက ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ လေယာဉ်နဲ့ ဆက်တိုက်ပါပဲ” ဟု အထက်ပါ ရဲဘော်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါလဆန်းပိုင်းကစပြီး ကော့ကရိတ်မြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးပမ်းလာပြီး တော်လှန်ရေးအဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်သည့်အတွက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူများနှင့် ထိုးစစ်ဆင်လာခြင်းကြောင့် ကော့ကရိတ်မြို့ထဲကို စစ်ကောင်စီတပ်တို့က ဝင်ရောက်တပ်စွဲထားမှု ပိုမိုများပြားလာနေကြောင်း တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...