ဖားအံမြို့နယ်၊ သံလွင်အနောက်ဖက်ဒေသတွင် စစ်ရှောင် ၃၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ

ဖားအံမြို့နယ်၊ သံလွင်အနောက်ဖက်ဒေသတွင် စစ်ရှောင် ၃၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၁) သထုံ - ဖားအံမြို့နယ်တွင် ယခု ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုနှင့်အတူ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုများပါ ပိုမိုလုပ်ဆောင်လာမှုကြောင့် နေရပ်စွန့်ခွါ တိမ်းရှောင်နေကြရသူ ဒေသခံ စစ်ရှောင် (၃,၀၀၀) ကျော်ရှိနေပြီး လက်ရှိတွင် အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဖားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စု ဖားပေါင်ရွာအနီးသို့ စစ်ကောင်စီက လေယာဥ်ဖြင့် (၆) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၎င်းအနီးရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု တပ်မဟာ (၁) တပ်မှူးဖြစ်သူ ဗိုလ်မှူးချုပ်စောစိုးမြင့်ထွေးက ပြောသည်။

၎င်းက “မယ်ကနယ်ခီး၊ ဝဲပျံ၊ ဖားပေါင် လေယာဥ်လာကြဲတော့ အဲဒီကရွာတွေ အခု စစ်ရှောင်နေရတဲ့ အယောက် ၃,၀၀၀ ကျော်ရှိတယ်။ ရွာမှာ မနေရဲတော့ဘူး။ စစ်ကောင်စီတွေ အင်အားတိုးချဲ့လာတာရှိတော့ ဒေသခံတွေလည်း ကြောက်နေတယ်။ တောထဲမှာ လိုက်ရှောင်နေရတယ်။ လေယာဥ်တွေလာရင် ဗုံးခိုကျင်းထဲပုန်းလိုက် တခြားနေရာတွေမှာ သွားပြီးရှောင်ပြေးနေလိုက်ပဲ။ ဘာမှ သယ်လို့မမီဘူး။ လောလောဆယ် သူတို့ အစားအသောက်တွေ ဆေးဝါး အဝတ်အထည်တွေ လိုအပ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကမမောင်းမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၄၀၈) မှ ဝဲပျံကျေးရွာအုပ်စုအတွင်း ရွာများကို နေ့စဥ် လက်နက်ကြီး လှမ်းပစ်ခတ်နေသလို လေယာဥ်ဖြင့် ဗုံးကြဲလုပ်ဆောင်မှုကြောင့် လူနေအိမ်များ၊ လုပ်ငန်းသုံးပစ္စည်းများ ထိခိုက်ပျက်စီးသည့်အပြင် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျေးရွာများမှ ‌ဒေသခံအများစုသည် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှုကို စိုးရိမ်နေသည့်အတွက် ကမမောင်းမြို့တဖက်ကမ်းရှိ မြိုင်ကြီးငူ အထူးဒေသထဲသို့ တိမ်းရှောင်လာသူ ဦးရေ (၃၀၀) ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်သည့် ဒေသခံများထံမှ သိရသည်။

မြိုင်ကြီးငူ‌ဒေသသို့ တိမ်းရှောင်လာသည့် ဒေသခံတစ်ဦးက “ဒီမှာ လာရှောင်ကြတဲ့လူတွေတော့ အများကြီးပဲ။ ရွာပေါင်းစုံပဲ လာရှောင်ကြတာ။ တချို့ကျတော့ ဘုန်းကြီးကျောင်းတွေ အမျိုးအိမ်တွေမှာ လိုက်နေကြတယ်။ အခြေအနေပြန်ငြိမ်သွားပေမယ့် စိုးရိမ်နေရသေးတဲ့အတွက် ရွာကို ပြန်မနေရဲသေးဘူး။ နေ့ဘက်လောက်ပဲ ရွာကို ခဏပြန်ကြတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ဝဲပျံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ချက်ရှိနေသည်ဟုလည်း ၎င်းစစ်ရှောင်ဒေသခံက ဆက်လက်ပြောဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ ဘီးလင်းမြို့နယ် မဲပလီ စစ်ကောင်စီဗျူဟာစခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းဖော်ပြချက်အရ သိရသည်။

CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...