စစ်ရှောင် ၇၀၀ ခန့်တွင် ဝမ်းရောဂါဖြစ်ပွား

စစ်ရှောင် ၇၀၀ ခန့်တွင် ဝမ်းရောဂါဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီးရှိ သိန်ခွန်းကျေးရွာအုပ်စုထဲမှ စစ်ဘေးရှောင်ဦးရေ အယောက် ၇၀၀ နီးပါး ဝမ်းရောဂါ ဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များ အကူအညီပေးနေသည့် အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဝမ်းရောဂါ ဖြစ်ပွားနေသူများမှာ သိန်ခွန်းကျေးရွာအုပ်စုရှိ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ ထုံခနှင့် သဲဖြူကျေးရွာတို့မှ စစ်ဘေးရှောင်လာကြသူများဖြစ်သည်ဟု နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက “စစ်ဘေးရှောင် ၁,၇၀၀ ရှိတဲ့အထဲမှာ ၇၀၀ လောက်က ဖြစ်နေကြပြီ။ ကလေးသေးသေးလေးကနေပြီးမှ လူကြီးထိကိုတောင်မှ ဖြစ်နေကြပြီ။ ကြီးမှ ငယ်မှ အဲ့လိုမျိုးမဟုတ်ဘူး။ အားလုံးလိုလိုပဲ ဖြစ်နေကြတာပေါ့နော်။ ဝမ်းရောဂါကြောင့် အသက်ဆုံးရှုံးသွားတဲ့သူတော့ မရှိသေးဘူး” ဟု ပြောသည်။

ဝမ်းရောဂါကြောင့် အသက်ဆုံးရှုံးသွားသူများ မရှိသေးသော်လည်း ဖြစ်ပွားသူဦးရေ များသောကြောင့် စိုးရိမ်မှုများ မြင့်တက်နေကြသည်။

အဆိုပါ စစ်ဘေးရှောင် ၁,၇၀၀ ဦးသည် ၂၀၂၄ ဒီဇင်ဘာလမှစတင်၍ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာကြသူများဖြစ်သည်ဟု ဆိုသည်။

စစ်ရှောင်များကို အကူအညီပေးနေသူတစ်ဦးကလည်း “သူတို့က တိုက်ပွဲဖြစ်တာနဲ့ တစ်ခါတည်း ထွက်လာရတဲ့ခါကြတော့လေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲပေါ့နော်။ သူတို့ ရွာမှာ နေလို့မရလို့ စစ်ဘေးရှောင်လာကြတဲ့ တောထဲမှာပေါ့နော်။ တခြားနီးစပ်တဲ့ ဥယာဉ်ခြံတွေမှာ လိုက်နေတဲ့အချိန်မှာမှ အဲ့လိုမျိုးဖြစ်တယ်လို့ ပြောတာပဲ။ အဲ့ဒါ အပူကြောင့်ရော ရာသီအကူးအပြောင်းကြောင့်ရော ထင်တယ်။ ဘာလို့ဆို တစ်မိသားစုနဲ့ တစ်မိသားစု နည်းနည်းဝေးဝေးနေတာတောင်မှ ဒီမိသားစုလည်း ဖြစ်တယ်။ ဟိုမိသားစုလည်းဖြစ်တယ် ဆိုတော့လေ။ ကူးစက်ရောဂါလို့ ပြောလို့လည်းရတယ်” ဟု ပြောသည်။

သိန်ခွန်းကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအား ဝမ်းရောဂါဖြစ်လျှင် အရေးပေါ် ဓာတ်ဆားဖျော်နည်းများ၊ ဆောင်ရန်ရှောင်ရန်များနှင့် မည်သို့ နေထိုင်ပြုမှုရမည် စသည်တို့ကို နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ ကျန်းမာရေး ပညာပေးများ လုပ်ဆောင်ပေးသည့်အတွက် ဝမ်းရောဂါကြောင့် သေဆုံးသည့်ဖြစ်စဉ် မရှိသေးဟု ပြောသည်။

စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် အဖွဲ့များအနေဖြင့် သွားလာရေးအခက်အခဲများ ရှိနေသည့်အတွက် ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခြင်းမျိုးမူ မရှိဘူးဟု နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“သိန်ခွန်းဘက်မှာဖြစ်နေတဲ့ စစ်ဘေးရှောင်တွေနဲ့ အစ်မတို့နဲ့ကြတော့ အနီးကပ်လည်းမဟုတ်ဘူး။ တစ်အားလည်းလှမ်းတယ်။ လတ်တလော ရောက်တဲ့အချိန်မှ အစ်မတို့က ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်။ အဲ့လိုမျိုး စစ်ဘေးရှောင်နဲ့ အနီးကပ်နေပြီး ကုသပေးနေတာမျိုးတော့ မရှိဘူး။ သူတို့ဆီကိုသွားဖို့ကလည်း အလယ်မှာ စစ်ကောင်စီကိုလည်း တစ်ခါဖြတ်ရတယ်။ ဖြတ်တဲ့ခါကြတော့လည်း ကိုယ့်ဘက်က လုံခြုံမှုမရှိဘူး”

သိန်ခွန်းကျေးရွာအုပ်စုတွင် ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးဘူးဟု ဆိုသည်။

လက်ရှိ သိန်ခွန်းကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များသည် အမိုးအကာများအပြင် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များလည်း လိုအပ်နေကြသည်ဟု အကူအညီပေးနေသူများက ဆိုသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...